Wednesday, November 5, 2008

ဗန်းမော်တွင် ဖောက်ထွင်းမှုများ များပြားနေ

မျိုးကြီး
အင်္ဂါနေ့၊ နိုဝင်ဘာလ 04 2008 16:37 - မြန်မာစံတော်ချိန်


ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ကုန်ပစ္စည်းဆိုင်ကြီးများနှင့် နေအိမ်များတွင် ဖောက်ထွင်းခိုးယူခံရမှုများ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

ပြီးခဲ့သည့်လ ၂၁ ရက်နေ့မှ ယခုလဆန်းပိုင်းအထိ ဗန်းမော်မြို့တွင်းရှိ စက်ပစ္စည်းဆိုင်၊ အထည်ဆိုင်၊ ကုန်ပစ္စည်းစတိုးဆိုင်၊ ကုန်ခြောက်ဆိုင်နှင့် နေအိမ်များပါမကျန် ဖောက်ထွင်းခံရမှုသည် နေ့စဉ်ဆိုသလို ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများ အပြောအရ သိရခြင်း ဖြစ်သည်။

''အခု တပတ်လောက်အတွင်းကို ဆိုင်ကြီး ၆ ဆိုင်ထက်မနည်း အဖောက်ခံခဲ့ရတယ်။ အန်တီတို့ မျက်စောင်းထိုးနားက အထည်ဆိုင် အဖောက်ခံရတယ်။ အထည်ထုပ်တွေ ပါသွားတယ်'' ဟု ဗန်းမော်မြို့မရပ်မှ ဆန်ဆိုင်ပိုင်ရှင်က ပြောသည်။

''အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး နေ့တိုင်းလိုလို တရက်ခြား နှစ်ရက်ခြား အဖောက်ခံနေရတာပေါ့နော်'' ဟု အလယ်ရပ်ရှိ စတိုးဆိုင်ပိုင်ရှင် တဦးကလည်း မဇ္ဈိမကို ပြောသည်။

ဗန်းမော်ကားကြီးဝင်းအတွင်းမှ မ၀ါ စတိုးဆိုင်၊ အလယ်ရပ်မှ ဒေါ်အားယုံ စတိုးဆိုင်၊ မင်းကုန်းရပ်မှ ဒေါ်အားစီ မုန့်ဆိုင၊် အမှတ် (၁) ဈေးအတွင်းမှ ကုန်ခြောက်ဆိုင်၊ မင်းကုန်းရပ်မှ ဦးတင်ထွန်း ကုန်စုံဆိုင်၊ အမှတ် (၁) ဈေးအတွင်းမှ ရန်ကုန် စတိုးဆိုင်၊ သီတာမော်ရုပ်ရှင်ရုံ၊ အလယ်ရပ်မှ ဂျပ်ဆင် ထမင်းဆိုင် အပါအ၀င် နေအိမ်တချို့ပါ လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဖောက်ထွင်းခိုးယူခံရသည်။

ရန်ကုန်စတိုးဆိုင်မှ စက်ပစ္စည်းနှင့် MP3, MP4 ပစ္စည်း ကျပ်ငွေ ၁၀ သိန်းကျော်၊ ဒေါ်အားယုံ စတိုးဆိုင်မှ ၅ သိန်းဖိုး အပါအ၀င် ဆေးလိပ်ဖါများ၊ မုန့်ဖါများ၊ အထည်အလိပ်များ၊ ၀က်အူချောင်းနှင့် ငါးခြောက်များ ယူငင်ခံလိုက်ရသည်။

ဖောက်ထွင်းမှုအတွင်း၌ မြန်မာပြည်အောက်ပိုင်းမှ လာရောက်သော အခြေမဲ့အနေမဲ့များ ပါဝင်နေကာ ဗန်းမော်ရဲစခန်းတွင် အသက် ၁၃ နှစ်အရွယ် ကလေးများ အဖမ်းခံနေရသည်ဟု အလယ်ရပ် စတိုးဆိုင်ပိုင်ရှင်က ပြောသည်။

သူက ''လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ရဲစခန်းက ကလေး ၂ ယောက်ဖမ်းမိလို့ အခု ၂ ရက်လောက် နဲနဲငြိမ်သွားတယ်'' ဟု ပြောသည်။

''အခု ဖမ်းထားတယ်လို့ ပြောတယ်။ အောက်ပိုင်းက ကလေးနှစ်ယောက်။ ဂိုဏ်းနဲ့ လုပ်ကြသလားတော့ မပြောတတ်ဘူး။ ခေါင်းဆောင်တော့ မမိသေးဘူးလည်း ကြားတယ်'' ဟု ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးကလည်း ပြောသည်။

''အောက်ပိုင်းကလူတွေ အုတ်ဖိုတွေမှာ အလုပ်လာလုပ်တဲ့ မိသားစုတွေ များတယ်။ အခုတလော မိုးအရမ်းရွာတော့ အဲဒီမိသားစုတွေ အရမ်းဒုက္ခဖြစ်ပြီး၊ စားရမဲ့ သောက်ရမဲ့ အခြေအနေတွေ ဖြစ်နေတာပေါ့နော်။ ပွဲဈေးလှည့်ရောင်းတဲ့သူတွေ နေရပ်တွေ မပြန်တော့ဘဲ သဲသောင်ပြင်တွေမှာ တဲထိုးပြီးနေတဲ့သူတွေ ပိုများလာတယ်။ သူတို့ကလေးတွေက ပလပ်စတစ် ကောက်တာတို့ အဲလိုတွေ လုပ်ကြတယ်။ စားဝတ်နေရေး ကျပ်တည်းကြတော့ ဂိုဏ်းဖွဲ့ပြီးများ ချောင်တဲ့နေရာမှာ လာလုပ်ကြသလားပေါ့နော်'' ဟု စတိုးဆိုင်ပိုင်ရှင်က ဆက်ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယခုလို ဖောက်ထွင်းမှုများ ဖြစ်နေသလို ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့တွင်လည်း ဆိုင်ကယ်စီးသမားများက မကြာခဏ ငွေလုယူမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့်တပတ် တနင်္လာနေ့က မူဆယ် မန်ဝိန်းကြီးဂိတ်အနီးတွင် ပန်ခမ်းရွာသူ ရှမ်းအမျိုးသမီး နန်းငွေ မြေပဲဝယ်ရန် သွားနေစဉ် ဆိုင်ကယ်စီး ငွေလုသူများက ခေါင်းကိုရိုက်ကာ ကျပ်သိန်း ၂၀ ကျော် လုယူသွားခဲ့ကြောင်း တရွာတည်းနေ ကိုမာဇော်က ပြောသည်။

''မန်ဝိန်းဂိတ်နားမှာ အစောင့်တွေရှိတဲ့ကြားက ငွေရိုက်လုတာတွေ ခဏခဏ ဖြစ်နေတယ်။ တခါမှ မိတယ်လို့ မကြားသေးဘူး။ ဆိုင်ကယ်စီးတဲ့ လူနှစ်ယောက်က ကပ်မောင်းပြီး ခေါင်းကို ရိုက်သွားတယ်။ မူဆယ်ဆေးရုံလည်း ၃ ရက်လောက် တက်လိုက်ရတယ်'' ဟု သူက ပြောသည်။

No comments: