Sunday, November 9, 2008

တောခို လေတပ်စစ်သည် ဒေါ်နုနုအေး ကွယ်လွန်

နိုဝင်ဘာ ၉။ HT

ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ (မြန်မာနိုင်ငံ) နာယကကြီး လေတပ်စစ်သမီးဟောင်း ဒေါ်နုနုအေး (၇၀ နှစ်) သည် ယနေ့ ညနေ ၅ နာရီ မိနစ် ၅၀ က ထိုင်းမြန်မာ နယ်စပ် မယ်တော်ဆေးခန်းတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားသည်။

“မဲဆောက်ဆေးရုံကြီးလဲ မသွားချင်တော့ဘူးဆိုလို့ မယ်တော်ဆေးခန်းကို ပို့တယ်။ ခြေထောက်တွေ ယောင်လာတယ်။ အံ့သြစရာ ကောင်းတာက ဝေဒနာ ခံစားရတာ နည်းနည်းမှ မပြောဘူး။ ရှေ့လုပ်ငန်းစဉ်တွေပဲ ပြောတယ်။ အခု တောရကျောင်းကို ပို့ထားတယ်။ အခု ကျွန်တော်တို့ ဒေါ်နုနုအေး ဈာပနကို စောင့်နေကြတယ်။ ဒီညတော့ မိုးလင်းသွားမှာပဲ။ ခု အားလုံးစဉ်းစားပြီး သန်ဘက်ခါတော့ သူ့ဈာပနကို မီးသဂြိံင်္ုဟ်မယ်”ဟု ဈာပန ဦးစီးဆောင်ရွက်သူ အေဘီအက်စ်ဒီအက်ဖ် တပ်ဖွဲ့ဝင် တစ်ဦးက အခြေအနေကို ပြောပြသည်။

တောတွင်းတွင် ကျောင်းသားစစ်သည်များနှင့်အတူ တွေ့ရသော ဒေါ်နုနုအေး (ဝဲဒုတိယ)

photayoke.blogsapot.com/hittaing

တပ်ကြပ်ကြီးဒေါ်နုနုအေးသည် ၁၉၈၈ အရေးအခင်းတွင် သပိတ်မှောက်ကာ ပြည်သူလူထုနှင့် ပူးပေါင်းခဲ့သော လေတပ် စစ်သည်များအနက် တစ်ဦးဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းပြီးနောက် အခြား လေတပ်ရဲဘော်များနှင့်အတူ တောခိုလာခဲ့သည်။ သံလွင်မြစ်ကမ်းအနီးရှိ သံလွင်စခန်းတွင် တောခိုလူငယ်များကို ကြေးနန်းသင်တန်း၊ စစ်သင်တန်းများ ပို့ချပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း မြန်မာ့ဒီမိုကရေစီရေး ခရီးရှည် လမ်းလျှောက်ချီတက်ပွဲများတွင် ကွယ်လွန်သူ ဦးဟန်လင်းနှင့်အတူ အသက် ၇၀ နားနီးသော်လည်း မိုင်ရှည် လျှောက်လှမ်းခဲ့သည်။ ထိုင်းမြန်မာ နယ်စပ်သို့ ပြန်လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် သားသုံးသား လှုပ်ရှားမှုကို အရှိန်မြှင့်တင်ရန် ကြိုးစားအားထုတ်နေစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“ဆရာမကြီးက အေဘီအက်စ်ဒီအက်ဖ် စဖွဲ့ကာစ သံလွင်စခန်းမှာ လူ ၁၄၀၀ လောက် ရှိတာမှာ ကိုယ်စားလှယ်တွေ အနေနဲ့ ပါတယ်လေ။ အခု သားသုံးသား လှုပ်ရှားမှုမှာ ဥက္ကဌ၊ မျိုးချစ် တပ်မတော်သားများ အဖွဲ့မှာ နာယက။ သံလွင်စခန်းရောက်လာတော့ ရေတပ်ရဲဘော်တွေ ၈ ယောက်လောက် ပါလာတယ်။ ကြေးနန်းသင်တန်း သူ ပေးတယ်။ စစ်ပညာပေးတယ်။ ရေဒီယိုထောက်လှမ်းရေးပညာ ပေးတယ်။ ဟိုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ နေခဲ့ရတယ်။ သံလွင်စခန်းမှာ တောခိုလာတဲ့ အမျိုးသမီးလေးတွေကို အများကြီး ထိန်းသိမ်းပေးတယ်။ စစ်ပညာ မျှဝေတယ်။ သူ သင်ပေးခဲ့တဲ့သူ တချို့ဆို သင်တန်းဆရာတွေတောင် ဖြစ်ပြီး စစ်ပညာ ပြန်ပေးတယ်”ဟု တောခို လေတပ် တပ်ကြပ်ကြီးဟောင်း ဒေါ်နုနုအေးအကြောင်းကို သံလွင်စခန်းရောက် တောခိုကျောင်းသားဟောင်း တစ်ဦးက လုံခြုံရေး အခြေအနေအရ အမည်ထုတ်ဖော်ခြင်း မပြုရန် ပန်ကြားပြီး ပြောကြားသည်။

ဆက်လက်၍လည်း “ဆရာမကြီးက တပ်က တောခိုလာတယ်။ တော်လှန်ရေးကို ဂရုစိုက်တယ်။ သူ့ကို အမေအမေနဲ့ အားလုံးက ခေါ်တယ်။ ကလေးစစ်သားတွေကိုလဲ သူ ပြုစုတယ်။ သူ့ဘေးနားမှာလဲ တပ်က ပြောင်းလာတဲ့သူတွေ အများကြီး ရှိတယ်။ ဆရာမကြီးကို တောထဲမှာ ရန်သူ့လူဆိုပြီး တွန်းတော့ ဆရာမကြီးက ဘန်ကောက်တက်ပြီး ဒညတလို အဖွဲ့တွေနဲ့ ပေါင်းပြီး ခိုင်မာတဲ့ တော်လှန်ရေး တပ်တစ်တပ် ထူထောင်ဖို့ ကြိုးစားတယ်။ မျိုးချစ်တပ်မတော်တစ်ခု ထူထောင်ဖို့ စဉ်းစားတယ်။ အဲဒီကနေ အမေရိကား ရောက်သွားတာ။ နိုင်ငံခြားမှာ ခရီးရှည် ချီတက်ပွဲတွေ လုပ်ပြီး မဲဆောက်ကို ပြန်လာတယ်။ တော်လှန်ရေး ပြန်လုပ်ချင်တဲ့ အခါကျ ဘက်ပြောင်းလာတဲ့ စစ်တပ်က ရဲဘော်လေးတွေကို အမေကြီးလို ဖြစ်နေတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ တပ်မတော်ရဲ့ စိတ်ဓာတ်နဲ့ ပြည်သူ့ဘက်က ရပ်တည်တဲ့ တပ်မတော်သား အခြေခံတွေကို သူက ထူထောင်ချင်တယ်။ ကျောင်းသားတွေ ဘုရားသားတွေ တာဝန်ကျေပြီ။ စစ်သားတွေ ကျန်တယ်ဆိုပြီး သားသုံးသား လှုပ်ရှားမှုကို သူ လှုပ်ရှားတယ်။ အခုလဲ သူကိုယ်တိုင် ဘက်ပြောင်းလာတဲ့ ရဲဘော်လေးတွေကို စုစုပြီး အသင်းအဖွဲ့လေးတစ်ခု သူ လုပ်ထားတယ်။ သားသုံးသား လှုပ်ရှားမှုကော်မတီဆိုပြီး အဲဒီမှာ ရဟန်းရယ်၊ ကျောင်းသားရယ်၊ စစ်သားရယ်ပေါ့နော်။ သူက တပ်မတော်သားမှန်ရင် ပြည်သူကို တကယ်ချစ်တဲ့လူတွေ ရှိတယ်ဆိုပြီး တပ်မတော်သားတွေကို ပြန်စည်းရုံးမယ်။ မြန်မာပြည် ဒီမိုကရေစီ ရဖို့ သားသုံးသား လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်ဆိုပြီး စီစဉ်တယ်”ဟု ဒေါ်နုနုအေး၏ ၁၉၈၈ တောခိုလာပြီးနောက် ယခုအချိန်ထိ လှုပ်ရှားဆောင်ရွက်ချက်များကို ပြောပြသည်။

“ဆရာမကြီးကို အားလုံးက လေးစားကြတယ်။ လှူတာတန်းတာ ရက်ရောတယ်။ ကူညီတဲ့ နေရာမှာလဲ ဒုက္ခရောက်နေတဲ့ လူတွေကို အင်မတန် ရက်ရောတယ်။ အမေရိကန်က သူ့သမီးတွေဆီက ငွေတွေ ကောက်ပြီး အကြွေးတွေ အတင်ခံပြီး ပေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူက အိမ်လေးတစ်အိမ်မှာ တပ်က တပ်ပြေးလေးတွေ အကုန် သူ ကျွေးထားတယ်။ အလုပ်တွေ ရှာပေးတယ်။ နိုင်ငံခြား ထွက်မယ့်လူဆိုလဲ သူ ထောက်ခံပေးတယ်”ဟုလည်း “အမေ့ကို ချစ်တဲ့ သားတစ်ယောက်”ပါ ဟူသော အမည်ဖြင့် တောခိုကျောင်းသားက ဆက်လက် ပြောကြားသည်။

ဒေါ်နုနုအေးသည် မိမိ တောခိုစဉ်က တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ မယုံသင်္ကာ ခံရမှုများကြောင့် တောခို ရဲဘော်များနှင့် တပ်မှ တိမ်းရှောင်လာသည့် စစ်သည်များကို အစ ဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။

ဒေါ်နုနုအေးအား ကွယ်လွန်သည့် နေ့မှာပင် ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ အဖွဲ့က “သင်သည် ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ မြန်မာနိုင်ငံနှင့် လုံးဝ သက်ဆိုင်တော့ခြင်း မရှိဘဲ နာယကကြီး တာဝန်မှလည်း လုံးဝ နားယူသွားပြီ ဖြစ်သည့်အတွက် ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ မြန်မာနိုင်ငံမှ သင့်အား နှုတ်ပယ်လိုက်ပြီ ဖြစ်ပါသည်။ သင်သွားလိုရာသို့ လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပါသည်”ဟု အမိန့်စာ ထုတ်ပြန်ခဲ့

ဒေါ်နုနုအေး၏ ဈာပနကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။

No comments: