Tuesday, November 11, 2008

၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်ချမှတ်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008 13:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရွှေဝါရောင် လူထုအုံကြွမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ် ချမှတ်လိုက်သည်ဟု မိသားစုဝင်များနှင့် မိတ်ဆွေများ အပြောအရ သိရသည်။

ထောင်ချခံရာတွင် ပါဝင်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင်ဖြစ်သူအပြောအရ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့လည်း ပါဝင်သည်ဟု သိရသည်။

"အင်းစိန်ထောင်နားမှာနေတဲ့ ကျမရဲ့ မိတ်ဆွေတယောက်က ပြောတာနဲ့ သူ့သူငယ်ချင်းတွေတော့ ထောင်ဒဏ် ၆၅ နှစ် ချခံလိုက်ရပြီတဲ့။" ဟု ဒေါ်ညွှန့်ညွန့်ကြည်က ပြောသည်။

ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်သည့် သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် အခြားသူများနှင် ဆက်သွယ်မေးမြန်း အတည်ပြု၍ မရနိုင်သေးဘဲ ဖြစ်နေသည်။ မဇ္ဈိမအနေဖြင့် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
-----------------------------------

၈၈ မျိုးဆက် လှုပ်ရှားတက်ကြွသူများကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်ဟူသော သတင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်း မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

သခင် ချန်ထွန်း

''လမ်းစဉ်ပါတီလက်ထက်၊ တော်လှန်ရေးအစိုးရ လက်ထက်မှာကိုတောင်မှ အဲဒီလောက် မကြမ်းပါဘူး။ အဲဒီမှာ ရှိတဲ့ ဥပဒေအတိုင်း လုပ်ပါတယ်။ ဥပဒေဆိုတာက ဥပဒေက နာမည်ခံပဲ ဖြစ်တယ်။ လုပ်ချင်ရာ လုပ်နေကြတယ်။ အခုလူငယ်တွေကို နှစ်၂၀ ၊ ၃၀ ချတာရှိတယ်။ ဥပဒေကို ဂရုမစိုက်ဘဲ၊ အလေးမထားဘဲ ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတဲ့သဘော၊ ငါတို့ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေတယ်လို့ မြင်တယ်။

တရားသူကြီးတွေရော နိုင်ငံရေးအမှု လိုက်နေတဲ့ ရှေ့နေတွေကိုတောင် ၄ လတို့၊ ၆ လတို့ လုပ်နေတာတွေက အမှန်ကတော့ ဥပဒေဟာ စစ်အာဏာရှင် အုပ်ချုပ်ရေးအနေနဲ့ ဥပဒေမရှိဘူးဆိုတာ ဖော်ပြနေတာ ဖြစ်တယ်။ ပိုသိလာအောင် လုပ်တဲ့သဘောမျိုး ဖြစ်တယ်။ ဥပဒေကတော့ အမည်ခံ ဥပဒေသာ ရှိတယ်။ သူတို့ စီစဉ်ချက်ချချင်သလို ချနေခြင်းဖြစ်တယ်။ အမှန်ကတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်နေတယ်လို့ မြင်တယ်။

လူငယ်တွေကို ကြောက်အောင်လုပ်တဲ့ သဘောပါ။ ကျောင်းသားလူငယ်တွေဆိုတာ ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး။ သေမှာလည်း မကြောက်ဘူး။ သူတို့က သတ္တိရှိတယ်၊ ဇွဲရှိတယ်၊ စွန့်စားရဲတယ်။ အဲဒီလို လူငယ်တွေကျတော့ သူတို့လုပ်ရမယ့် အလုပ်အတိုင်း မတရားဘူးလို့ မြင်ရင် ပိုပြီးတော့ တိုးပွားလာမယ်။ သူတို့ ယုံကြည်ရာကို လုပ်လာနိုင်မယ်လို့ မြင်တယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေကို အနှစ် ၉၀ ကျော် စီရင်တာတွေ ရှိတယ်။ ခက်ခဲတဲ့ နေရာတွေကို ပို့ဆောင်တာတွေ ရှိတယ်''

ကိုအံ့ဖွယ်ကျော်၏ အဖွား အသက် ၇၀ ကျော်အရွယ် ဒေါ်တင်တင်ဝင်းက

"ကျမစိတ်ကတော့ သိပ်ပြီး မယုံချင်ဘူးပေါ့နော်။ ဘာလဲဆိုတော့ သူတို့တွေ လုပ်တာ၊ ကိုင်တာတွေက ဘာမှ ဒီလောက်ကြီးလေးတယ်၊ ပြင်းထန်တယ် မရှိဘူးပေါ့။ ဒီလိုဖြစ်မယ်လို့ ထင်မထားတော့ ကျမလည်း သိပ်ပြီးတော့ ထင်မထားဘူး"

"အခုတော့ အမိန့်ချလိုက်တယ်ဆိုတော့ ကြာသပတေးကို သွားတွေ့မယ်လို့ စီစဉ်ထားပါတယ် ။"

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်

"ဒါကတော့ အခုလတ်တလော ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ်တွေ တိုင်းရင်းသားတွေ၊ အင်အားစုတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုပြစ်ဒဏ်တွေ အများကြီး ချနေတာတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိ စစ်အစိုးရအနေနဲ့ အခုလတ်တလော အချိန်အခါမှာရော ဒီမိုကရေစီ အင်အားစုတွေကို ဖိနှိပ်နေတယ်။ ရှေ့ဆက်ပြီးတော့လည်းပဲ သူတို့အနေနဲ့က ဒီမိုကရေစီနိုင်ငံ တည်ထောင်မယ်ဆိုပေမယ့် အင်အားစုတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေချ အမျိုးမျိုး ဖိနှိပ်နေတာကို ကြည့်ခြင်းအားဖြင့် ရှေ့လျှောက်တိုင်းပြည် အနေအထားက အနာဂတ်မှာ ကောင်းလာမှ မဟုတ်ပဲ ပိုပြီးဆိုးလာမှာကို မြင်တယ်လို့ပဲ ပြောချင်ပါတယ်။"

No comments: