ဆစ်ဒစ်အစ္စလမ် |
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008 14:30 - မြန်မာစံတော်ချိန် |
ဒါကာ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရေပိုင်နက် ပြဿနာ တင်းမာမှုများ လျော့ပါးပြေလည်သွားပြီဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အစ်ဖ်တက်ကာ အာမက် ချောင်ဒရီ က ဒါကာမြို့တွင် တနင်္လာနေ့က ပြောကြားသည်။ ဒေဝူးကုမ္ပဏီ၏ ဟိုက်ဒရိုကာဘွန် ရှာဖွေရေး ရေနံတွင်းတူးစင်ကြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အငြင်းပွားနေသော ရေပြင်မှ ပြန်လည် ထွက်ခွာသွားပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ လျော့ပါးသွားခြင်းသည် နှစ်နိုင်ငံစလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ်ကို ရောက်ရှိစေခဲ့ကြောင်းဖြင့် သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “အခုလို ပင်လယ်အော်အတွင်း ပျော်ရှင်ဖွယ် အဆုံးသတ်ကို ရခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် သူမသာကိုယ်မနာ အခြေအနေတရပ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ အားလုံးကို အကျိုးပြုမှာ ဖြစ်ပါတယ်” ဟု ဒါကာမြို့တွင် တနင်္လာနေ့ ညနေပိုင်းက ကျင်းပသော မီဒီယာနှင့် တွေ့ဆုံပွဲ၌ သူက ပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံမှ ဒေဝူးကုမ္ပဏီသည် မြန်မာနိုင်ငံနှင့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ၏ ရေပိုင်နက်ဟု တောင်းဆိုနေသည့် ဘင်္ဂလားပင်လယ်အော် အတွင်းရှိ လုပ်ကွက်အမှတ် ဗီ-၇ တွင် ဟိုက်ဒရိုကာဘွန် ရှာဖွေရေး လုပ်ငန်းများ လာရောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်း၏ တောင်ဘက် ကီလိုမီတာ ၅ဝ အကွာရှိ လုပ်ကွက်တွင် တူးဖော်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသော ဒေဝူးကုမ္ပဏီ၏ ရေနံတွင်းတူးစင်ကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံက ရေတပ်သင်္ဘောများ စေလွှတ်လိုက်ပြီးနောက် နှစ်နိုင်ငံကြား အခြေအနေများ နောက်ထပ် တင်းမာလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် အိမ်နီးချင်းပီသသော ဆက်ဆံရေးမျိုးကိုသာ အစဉ်တစိုက် လိုလားကြောင်းနှင့် ကျွန်ုပ်တို့ ကျင့်သုံးမည့် ပေါ်လစီသည်လည်း ဤလမ်းညွှန် မူဝါဒအတိုင်းပင် ကျင့်သုံးသွားမည်” ဟုလည်း ပြောသည်။ ဤဖြစ်ထွန်းတိုးတက်မှုသည် နိုင်ငံခြားရေးဌာနအတွင်းဝန် မိုဟာမက် တိုဟစ် ဟူစိန် ခေါင်းဆောင်သည့် အဖွဲ့ဝင် ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ၃ ရက်ကြာ သွားရောက်ကာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရက်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစောပိုင်းတွင် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ၏ ရင်းနှီးသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံတို့ကိုလည်း သံတမန်လမ်းကြောင်းမှ ဆက်သွယ် ချဉ်းကပ်နိုင်ရန် နည်းလမ်း ရှာဖွေခဲ့သေးသည်။ ဒေဝူးကုမ္ပဏီကလည်း ဤအငြင်းပွားနေသော ရေပြင်မှ ယင်းတို့၏ ရေနံတွင်းတူးစင်ကြီးကို ပြန်လည် ရုပ်သိမ်းနိုင်ရန် စတင် လုပ်ဆောင်နေပြီဟု လွန်ခဲ့သော ၂ ရက်ကပင် ပြောဆိုခဲ့သေးသည်။ ရေပြင်ပိုင်နက် အငြင်းပွားမှု ပြဿနာ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် ယခုအထိ ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကာ၊ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့်အပတ်တွင် ဒါကာမြို့၌ ဆွေးနွေးရန် မျှော်လင့်ရသည်။ ဤအစည်းအဝေးသို့ မြန်မာ ဒုတိယဝန်ကြီး လာရောက်မည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်များက ပြောကြားသည်။ |
Tuesday, November 11, 2008
မြန်မာနှင့် တင်းမာမှု ပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment