Friday, November 7, 2008

နိုင်ငံရေး လှုပ်ရှားတက်ကြွသူများ၏ ရှေ့နေများ ၄ လစီ ထောင်ဒဏ်ကျ

ဖနိဒါ
သောကြာနေ့၊ နိုဝင်ဘာလ 07 2008 16:44 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ တရားရင်ဆိုင်နေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများကို ကူညီပေးနေသူ ဗဟို တရားရုံးချုပ်ရှေ့နေ နှစ်ဦးအား ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ်မှ တရားရုံးတော်အား မထီမဲ့မြင်ပြုမှုဖြင့် ယနေ့တွင် ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်သည်။

ဗဟိုတရားရုံးချုပ် ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား ဗဟိုတရားရုံးချုပ်မှ တရားရုံးအား မထီမဲ့မြင်ပြုမှု - ပုဒ်မ ၃ ဖြင့် စွပ်စွဲကာ ယနေ့တွင် ထောင်ဒဏ် ၄ လစီ မျက်ကွယ်စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ရှေ့နေကြီး ဦးခင်မောင်ရှိန်က "အန်ကယ်တို့ကို ပြစ်ဒဏ် ၄ လ အမိန့်ချလိုက်တယ်။ ဦးအောင်သိန်းနဲ့ အန်ကယ်ကိုလေ။ ဒီနေ့ပဲ အမိန့်ထွက်တယ်။ သူတို့ လာခေါ်မှာပေါ့။ အဆင်သင့် စောင့်နေတယ်" ဟု မဇ္ဈိမကို ပြောသည်။

"အန်ကယ်တို့ မိတ်ဆွေ ရှေ့နေတွေက တရားရုံးချုပ်ကို ရောက်တဲ့အခါမှာ တွေ့ခဲ့တယ်။ ဒီလိုအမိန့် ထွက်တယ်ဆိုပြီးတော့ ပြောလာတယ်။ တရားရုံးချုပ်ကလည်း အန်ကယ်တို့ မိသားစုလိုပါပဲ။ ဥပဒေ လောကသမားတွေပဲလေ။ အဲလို ပြောလိုက်တဲ့ သတင်းရတယ်" ဟု သူက ဆက်ပြောသည်။

ရွှေဝါရောင် လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသည့် ကိုအောင်ကျော်မိုး (လှိုင်သာယာ)၊ ကိုမောင်မောင်လတ် (ညောင်တုန်း)၊ ထွန်းထွန်းဦး (ထန်းတပင်)၊ မထားထားသက် (လှိုင်) တို့က တရားစီရင်ရေးအပေါ် အယုံအကြည် မရှိတော့သဖြင့် လွှဲအပ်ထားသော ရှေ့နေပါဝါများအား ရုပ်သိမ်းလိုက်ကြောင်း လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင်ထံ သူတို့နှစ်ဦးက တင်ပြရာ တရားရုံးက အမှုသည်များ မပြောဘဲ ရှေ့နေများက သက်သက်မဲ့ ပြောဆိုသည်ဟုဆိုကာ တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တဦးက သူတို့ကို စွဲချက်တင်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သူတို့နှစ်ဦးထံ ဗဟိုတရားရုံးချုပ်မှ သမ္မာန်စာ ပေးပို့ခဲ့ပြီး ယမန်နေ့က ရုံးချိန်းရက်တွင် ရှေ့နေနှစ်ဦးက လျှောက်လဲချက် ပေးခဲ့ပြီးနောက် ယနေ့တွင် မျက်ကွယ်စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

ရှေ့နေ ဦးအောင်သိန်းက "တရားရုံးချုပ်ကို လှိုင်မြို့နယ် မြို့နယ်တရားသူကြီးက ဒုတိယ တရားသူကြီးကို စာရေး တိုင်ကြားတယ်။ တိုင်ကြားတဲ့အပေါ်မှာ တရားရုံးချုပ်ကနေ လျှောက်ထားသူအဖြစ် တရားစွဲတာပေါ့။ သူတို့ အာဏာရှိတော့ လုပ်တာပဲလေ။ ကျနော်က ဘာမှ မပြောလိုဘူး။ သူတို့ အပိုင်းပဲလေ" ဟု ပြောသည်။

ရှေ့နေ ဦးခင်မောင်ရှိန်ကလည်း "အန်ကယ်တို့က ဥပဒေဘောင်ထဲကနေ လုပ်နေတာပဲ။ တွေ့ရှိလာတဲ့ အကြောင်းအရာတွေ အပေါ်မှာ အမှန်အတိုင်း ဖြစ်ပေါ်ဖို့ အန်ကယ်တို့ ဆောင်ရွက်ခဲ့တယ်။ အန်ကယ်တို့ကို ဒီအပေါ်မှာ မကျေဘူး၊ အငြိုးထားတယ်ဆိုရင်လည်း မတတ်နိုင်ဘူး။ ပါဝါရုပ်တဲ့အကြောင်းရင်းကို သူတို့ (အမှုသည်များ) ကိုယ်တိုင် ပြောတာပဲ။ တရားရုံးကို မထီမဲ့မြင်ပြုတာ မဟုတ်ဘူးလေ။ ရဲရဲကြီး ကျေနပ်တယ်။ အမှန်တရား ဆောင်ရွက်ရင်း ဖြစ်တဲ့အတွက် ၀မ်းမနည်းပါဘူး" ဟု ပြောသည်။

အလားတူ နိုင်ငံရေးအမှုများကို ဆောင်ရွက်ပေးနေသူ လူငယ်ရှေ့နေ ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်း ကိုလည်း တရားစီရင်ရေးကို အနှောင့်အယှက်ပြုမှု - ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားသူကြီး ဦးသောင်းညွန့်က ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ၆ လစီ ထောင်ဒဏ်များ ချမှတ်ခဲ့သေးသည်။

သူတို့နှစ်ဦးကလည်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအ၀င် ၃ ဦးအတွက် ခုခံချေပပေးခဲ့ရာ အမှုစစ်နေစဉ် အမှုသည်များက တရားသူကြီးထံ မျက်မှောက်မပြုဘဲ ကျောခိုင်းထိုင်နေသည်ကို ပြန်လှည့်ရန်အတွက် တရားသူကြီးက ပြောဆိုရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျ နေနိုင်သည်ဟု ပြန်လည်ချေပ ပြောဆိုသည့်အတွက် တရားစွဲဆိုကာ ထောင်ချခံခဲ့ရခြင်း ဖြစ်သည်။


No comments: