မဇ္ဈိမသတင်းဌာန |
သောကြာနေ့၊ နိုဝင်ဘာလ 07 2008 14:53 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၄ ရက်ကြာ တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အငြင်းပွားနေသော ဘင်္ဂလားပင်လယ်အော်အတွင်း ဓာတ်ငွေ့ရှာဖွေမှုများကို မရပ်တန့်နိုင်ကြောင်း မြန်မာနိုင်ငံက ငြင်းဆိုလိုက်သည်ဟု အစိုးရ၏ ရုပ်မြင်သံကြား အစီအစဉ်တွင် ယမန်နေ့က ကြေညာသွားသည်။ ဘင်္ဂလား ပင်လယ်အော်အတွင်း လုပ်ကွက်အမှတ် AD-7 အတွင်း လုပ်ကိုင်လျက်ရှိသော ရေနံအစမ်းတွင်း တူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ‘မှားယွင်းစွာ ဥပဒေနှင့် ဆန့်ကျင်ပြီး’ တောင်းဆိုခဲ့သည်ဟု မြန်မာနိုင်ငံက ပြောဆိုကာ ပင်ချလိုက်ခြင်း ဖြစ်သည်။ “ထို့ကြောင့် မြန်မာနိုင်ငံက အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာတောင်းဆိုမှုကို ပယ်ချလိုက်ကြောင်း” ဖြင့် မြန်မာစစ်အစိုးရ၏ ကြေညာချက်ကို အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။ “ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့်အညီ တိုင်းပြည်၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံသည် လုပ်ကွက်အမှတ် AD-7 တွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများကို ပြီးစီးသည်အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်” ဟုလည်း အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ ကမ်းလွန်လုပ်ကွက်အမှတ် AD-7 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခွင့်ကို ဒေဝူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းအား ၂ဝဝ၅ ခုနှစ်က ပေးအပ်ခွင့် ပြုခဲ့ကြောင်းဖြင့်လည်း စစ်အစိုးရ၏ ကြေညာချက်က ဆိုသည်။ ဒေဝူးကုမ္ပဏီက ရှာဖွေရေး လုပ်ငန်းများကို ၂ဝဝ၇ ခုနှစ်တွင် စတင်ခဲ့ပြီး၊ အစမ်းတွင်း တူးဖော်ရေးလုပ်ငန်းကို ၂ဝဝ၈ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သည်။ ဒေဝူးကုမ္ပဏီက လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများကို အထောက်အပံ့ပေးရန်အတွက် ဘင်္ဂလားပင်လယ်အော်သို့ မိမိတို့၏ စစ်သင်္ဘောများကို မြန်မာနိုင်ငံနှင့် ဒေဝူးကုမ္ပဏီတို့အကြား သဘောတူညီချက်အရ စေလွှတ်ခဲ့ကြောင်းဖြင့်လည်း မြန်မာစစ်အစိုးရက ပြောသည်။ ဤကြေညာချက်သည် နိုင်ငံခြားရေးအတွင်းဝန် Tuohid Hossain ခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအရာရှိများ၏ ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သော နှစ်နိုင်ငံ အကျိုးတူ ဆွေးနွေးပွဲအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံအကြား ပင်လယ်နယ်နိမိတ်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှုသည် ကာလရှည်ကြာစွာကတည်းက ရှိနေခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း၏ တောင်ဘက် ကီလိုမီတာ ၅ဝ အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ရေနံ အစမ်းတွင်း တူးဖော်သည့်ကိစ္စကို မြန်မာသံအမတ်အား ဆင့်ခေါ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် က တနင်္ဂနွေနေ့တွင် ကန့်ကွက်ခဲ့ပြီးနောက် ဤသို့ ထိပ်တိုက် တွေ့ခဲ့ကြခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ကလည်း အဆိုပါဒေသသို့ စစ်သင်္ဘော ၄ စင်းကို ချက်ချင်း စေလွှတ်ခဲ့ပြီး၊ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် “ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး” ကို အသုံးပြုသွားမည်ဟု သတိပေးခဲ့သည်။ ဗုဒ္ဓဟူးနေ့ကမူ မြန်မာနိုင်ငံက ယင်း၏ စစ်သင်္ဘော ၂ စင်းကို အငြင်းပွါးနေသော ရေပြင်မှ ပြန်လည်ဆုတ်ခွာစေခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရေတပ်သတင်းရပ်ကွက်များကို ကိုးကားထားသည့် သတင်းများ ပေါ်ထွက်လာခဲ့သည်။ နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးကို တက်ရောက်ရန် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကလည်း ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများကို “မြန်မာနိုင်ငံ၏ စီးပွားရေးဇုံ နယ်နိမိတ်အတွင်းတွင်သာ“ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။ ---------------------------------------- မြန်မာနိုင်ငံ - ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေကြောင်းဆိုင်ရာ အချက်အလက်များ- မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ခြင်းကြောင့် ကုလသမဂ္ဂ အစီအစဉ်အတိုင်း ၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်း နောက်ဆုံးထားကာ သူ၏ ပင်လယ်ပိုင်နက်ကို ရေးဆွဲရန် တာဝန်ရှိသည်။ (ဘင်္ဂလားဒေ့ရှ်မှာ ၂၀၁၁ အထိ အချိန်ရသေးသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့်လည်း ရေပိုင်နက်ကိစ္စအား နိုဝင်ဘာလကုန်တွင် ဆွေးနွေးရန် တာဝန်ရှိသည်။ - ၁၉၅၁ ခုနှစ်တွင် ကုလသမဂ္ဂအောက်ရှိ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ အဖွဲ့အစည်း (International Maritime Organization- IMO) သို့ ၀င်ရောက်ခဲ့သည်။ - ၁၉၇၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် “ပိုက်နက်ပင်လယ်နှင့် ပင်လယ်ဇုံများ ဥပဒေ” ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ (အခြေခံမျဉ်းမှ) ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင် (ရေမိုင် ၁ မိုင် = ၁၈၅၂ မီတာ/၁.၁၅၀၇၇၉ မိုင်) ပိုင်ဆိုင်သည်ဟု ပြဌာန်းသည်။ - မြန်မာနိုင်ငံသည် ပင်လယ်ပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို အိန္ဒိယနှင့် (၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသက်ဝင်) ထိုင်းနိုင်ငံ (၁၉၈၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၈၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် အသက်ဝင်) တို့နှင့် တသီးတခြား သဘောတူညီမှု ရရှိခဲ့ပြီး ၃ နိုင်ငံ (မြန်မာ၊ အိန္ဒိယနှင့် ထိုင်း) သဘောတူညီချက် (၁၉၉၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး၊ ၁၉၉၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် အသက်ဝင်) ရေးထိုးနိုင်ခဲ့သည်။ - ဘင်္ဂလားဒေ့ရှ်နှင့် ယနေ့အချိန်အထိ သဘောတူညီမှု မရသေး။ ဆွေးနွေးဆဲကာလဖြစ်သည်။ - မြန်မာ့ပိုင်နက် ရခိုင်ကမ်းလွန်ဒေသရှိ Block A-1, A-3 နှင့် AD-7 လုပ်ကွက်များသည် ကိုရီးယားကုမ္ပဏီ Daewoo ၏ လုပ်ကွက်ဖြစ်သည်။ ၎င်းလုပ်ကွက် တောင်ဘက်ရှိ AD-8, AD-2, AD-3, AD-4 လုပ်ကွက်များမှာ တရုတ်ကုမ္ပဏီ ONGC ၏ လုပ်ကွက်များဖြစ်သည်။ - ဘင်္ဂလားဒေ့ရှ်၏ တခုတည်းသော သန္တာကျောက်တန်း တည်ရှိရာလည်းဖြစ်၊ ကမ္ဘာလည့်ခရီးသည်များကို ဆွဲဆောင်ရာ နေရာလည်းဖြစ်သည့် St. Martin’s ကျွန်းသည် မြန်မာကမ်းရိုးတန်း အနောက်-မြောက်ဘက် ၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ - ယခုနှစ်ဦးပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အခက်အခဲအား ဖြေရှင်းရန် နိုင်ငံတကာ ရေနံကုမ္ပဏီများထံ သူ၏ ရေပိုင်နက်အား block 28 ခု ပိုင်းကာ ရေနံနှင့် ဂက်စ် ရှာဖွေတူးဖော်ရေးအတွက် လေလံတင် ရောင်းချလျက်ရှိသည်။ ယခု အငြင်းပွားနေသည့် ဒေသမှာ ဘင်္ဂလားဒေ့ရှ်၏ block – 3 နှင့် block – 8 အနီးတွင် တည်ရှိသည်ဟု ဆိုသည်။ - ဘီဘီစီသတင်းအရ ယခုအငြင်းပွားနေသည့် နေရာမှာ St. Martin’s ကျွန်းမှ အနောက်တောင်ဘက် ရေမိုင် ၅၀ အကွာတွင် တည်ရှိသည်ဟု ဆိုသည်။ ဖြစ်ပွားပုံမှာ မြန်မာနိုင်ငံမှ ကမ်းလွန်ပင်လယ်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ရေနံရှာဖွေရေးယာဉ် ၄ စီး (ဘာဟားမားစ်တွင် မှတ်ပုံတင်ထားသော ရေယာဉ် ၂ စီး၊ Belize တွင် မှတ်ပုံတင်ထားသော ရေယာဉ် ၁ စီး၊ အိန္ဒိယတွင် မှတ်ပုံတင်ထားသော ရေယာဉ် ၁ စီး) နှင့် မြန်မာရေတပ်မှ ရေယာဉ် ၂ စီးတို့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ - ဘင်္ဂလားဒေ့ရှ်က ယခုကိစ္စအား ညှိနှိုင်းပေးရန် တရုတ်အစိုးရကို အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။ - ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ခရီးစဉ်တွင် ပါဝင်လိုက်ပါခဲ့သည့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်လွန်းသီက နှစ်နိုင်ငံ ရေပိုင်နက်သတ်မှတ်ခြင်းကိစ္စ မပြီးပြတ်မချင်း အငြင်းပွားလျက်ရှိသော ကမ်းလွန်ဒေသအတွင်း ရေနံ၊ သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို အာမခံခဲ့သည်ဟု ဆိုသည်။ - ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်နိမတ် ၉၀ ကီလိုမီတာ ရှည်လျားသည်။ - ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနအတွင်းရေးမှူးက မြန်မာသံတမန်သို့ ပေးအပ်သည့် ကန့်ကွက်လွှာတွင် ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၄ ခုနှစ် Territorial Water and Maritime Zone Act ဥပဒေအရ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ရောက်ရှိနေသည်ဟု ဆိုသည်။ - ဘင်္ဂလားပင်လယ်အော်သည် ၂၀၀၅-၂၀၀၆ ခုနှစ် အိန္ဒိယက 100 trillion cubic feet ရှိ သဘာဝဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိခြင်း၊ မြန်မာက 7 trillion cubic feet တချိန်တည်းတွင် ရှာဖွေတွေ့ရှိခြင်းတို့ကြောင့် အရေးပါရာ ဒေသဖြစ်လာသည်။ Bay of Bengal နှင့် ပတ်သက်၍ အခြား မြေပုံများ ကြည့်ရှုရန် |
Friday, November 7, 2008
မြန်မာက ဘင်္ဂလား ပင်လယ်အော်အတွင်း ဂက်စ်ရှာဖွေမှု ရပ်တန့်ရန် ငြင်းဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment