Wednesday, November 5, 2008

မြန်မာ့ အမျိုးသမီးအခွင့်အရေး ‘အရာမယွင်းရှိနေ’ ဟု စစ်အစိုးရ ကုလသံအမတ်ကြီးပြော

မုံပီး
အင်္ဂါနေ့၊ နိုဝင်ဘာလ 04 2008 19:00 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မြန်မာအမျိုးသမီးများသည် ရိုးရာဥပဒေအရ အထူးအခွင့်အရေးများရရှိ ခံစားရလျက်ရှိပြီး၊ ယောက်ျားများနှင့်တန်းတူ အမျိုးသမီးများ ရပ်တည်ခွင့် ရနေကြသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက တနင်္လာနေ့က ပြောကြားသွားခဲ့ပါသည်။

မြန်မာစစ်အစိုးရသည် အမျိုးသမီး အခွင့်အရေး ကာကွယ်ရေးအတွက် အလုံအလောက် ဆောင်ရွက်ပေးခဲ့ကြောင်းဖြင့် ဂျနီဗာတွင် ကျင်းပသည့် ‘အမျိုးသမီးများအား နည်းလမ်းပေါင်းစုံဖြင့် ခွဲခြားဆက်ဆံခြင်း တိုက်ဖျက်ရေး ကွန်ဗင်းရှင်း’ (CEDAW) ၏ ၄၂ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင် တက်ရောက်လာသည့် သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က တနင်္လာနေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

အဆိုပါ ကော်မတီ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ပြည်ပရောက် အမျိုးသမီး အဖွဲ့အစည်းတခု၏ တက်ကြွ လှုပ်ရှားသူ အမျိုးသမီးတဦးဖြစ်သော ချယ်ရီဇဟော (Cherry Zahau) ကမူ “ဦးဝဏ္ဏ၏ ပြောကြားချက်သည် အလွန် အံ့အားသင့်စရာဖြစ်ပြီး၊ မြန်မာပြည်တွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု လုံးဝ ရှိပုံမရဟု ပြောကြားခြင်းသည်လည်း လုံးဝ ယုံကြည်နိုင်စရာ မရှိကြောင်း” ဖြင့် တနင်္လာနေ့က ပြောပါသည်။

ယခင် ရက်သတ္တပတ်က ‘အရိပ် အစီရင်ခံစာ’ (Shadow Report) ကို အခြား အမျိုးသမီးခေါင်းဆောင် ၈ ဦးနှင့် အတူ ပူးတွဲတင်သွင်းခဲ့သည့် ဇဟောက “ဦးဝဏ္ဏ ပြောကြားခဲ့သည့် အခြေအနေသည် ကျမတို့ သိထားသည်များနှင့် လုံးဝ ကွဲပြားခြားနားနေကာ အခြေအနေများနှင့် လုံးလုံးလျားလျား ကွာခြားနေကြောင်း” ဖြင့် စစ်အစိုးရ၏ CEDAW အစည်းအဝေး အစီရင်ခံစာပါ အချက်အလက်များကို ချေပ ပြောကြားသွားခဲ့ပါသည်။

အလွန် ထိတ်လန့်တုန်လှုပ်ဘွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ၏ ပြစ်တင် ဝေဘန်မှုများကို ခံနေရသည့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံကျေးလက်နေ အမျိုးသမီးဦးရေ၏ ၇ဝ% ကျော်သည် သင့်တော်ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ခံစားခွင့် ရနေကြပြီး၊ အရွယ်ရောက်ပြီး အမျိုးသမီး အများစုအတွက်လည်း အထက်တန်း ပညာသင်ကြားခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံ ပေးထားသည်ဟု ယင်းအစီရင်ခံစာတွင် စစ်အစိုးရက ဖေါ်ပြ ရေးသားထားပါသည်။

မြန်မာစစ်တပ်က အထူးသဖြင့် တိုင်းရင်းသား လူနည်းစု လူမျိုးစုများ နေထိုင်သည့်ဒေသများရှိ အမျိုးသမီးများကို အရမ်း ကာရော မုဒိမ်းကျင့်သည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ဦးဝဏ္ဏက ငြင်းဆိုသွားခဲ့ပါသည်။ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ရက် (SWAN) အပါအဝင် တိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်း အတော်များများက ဤအချက်ကို မီးမောင်းထိုး၍ အစီရင်ခံစာတရပ် ရေးသား တင်သွင်းခဲ့ပါသည်။

သို့သော် မြန်မာနိုင်ငံ ချင်းအမျိုးသမီးများ၏ ထီးရိပ် အဖွဲ့အစည်း တရပ်ဖြစ်သော ‘ချင်းအမျိုးသမီး အဖွဲ့ချုပ်’ (WLC) ၏ ဆက်သွယ်ညှိနှိုင်းရေးမှူးဖြစ်သော ဇဟော ကမူ “မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် လုံခြုံမှု လုံးဝမရှိဘဲ စစ်အစိုးရသည် အမျိုးသမီးများကို ဆက်လက်ဖိနှိပ် အမြတ်ထုတ်လျက်ရှိကြောင်း၊ အမျိုးသမီး အခွင့်အရေးများကို အကာအကွယ် ပေးမထားကြောင်း” ဖြင့် ပြောကြားသွားပါသည်။

အမျိုးသားများ လွှမ်းမိုးကြီးစိုးသည့် ယဉ်ကျေးမှုရှိသော မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်နေသည့်အတွက် အခြေအနေများမှာ ပိုမိုဆိုးရွားသွားကြောင်း၊ ပညာရေး၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိရေးအပါအဝင် နယ်ပယ်ပေါင်းစုံတွင် အမျိုးသမီး အခွင့်အရေးများမှာ ချိုးဖောက် အမြတ်ထုတ်ခြင်း ခံနေရကြောင်းဖြင့် သူမက ပြောပါသည်။

“မြန်မာနိုင်ငံတွင် အမျိုးသမီးအများစုအတွက် အမြင့်ဆုံး ရရှိနိုင်သော ပညာရေး အဆင့်အတန်းမှာ ဒဿမတန်းထိ သာဖြစ်ကြောင်း” ဇဟော က ပြောပါသည်။

ဇဟောနှင့် သူမ၏ လုပ်ဖော်ကိုင်ဘက် အမျိုးသမီး ခေါင်းဆောင်များက ပူးတွဲ အစီရင်ခံစာတစောင်ကို တင်သွင်းခဲ့ကြသည်။ ထိုအစီရင်ခံစာကို တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ကို ကိုယ်စားပြုသည့် WLC နှင့် မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB) တို့ ပူးတွဲ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီးများက ‘အရိပ်အစီရင်ခံစာ’ (Shadow Report) ဟု ခေါ်သည့် အစီရင်ခံစာတွင် စစ်အစိုးရ အုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ ဆိုးရွားပြင်းထန်စွာ ထိခိုက် ခံစားနေရပုံများကို အသားပေး ဖေါ်ပြထားပါသည်။

မြန်မာစစ်အစိုးရ၏ CEDAW အစီရင်ခံစာကို ခုခံချေပထားသည့် ဤအစီရင်ခံစာတွင် ကျေးလက်နှင့် မြို့မှာပါ မြန်မာ လူ့အဖွဲ့အစည်းတခုလုံးတွင် အမျိုးသမီးများသည် မိသားစုအတွင်းနှင့် အလုပ်ခွင်အပြင် အထက်တန်းကျောင်း အထိတွင်ပါ ဆရာများ၏ ခွဲခြားဆက်ဆံမှုများကို အညီအမျှ ခံစားနေကြရကြောင်းဖြင့် ရေးသားထားပါသည်။

မြန်မာနိုင်ငံတွင် အစိုးရပြောင်းလဲရေး၊ ဒီမိုကရေစီစနစ် ထူထောင်ရေးသည်သာ အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်မည့် တခုတည်းသောလမ်း ဖြစ်သည့်အတွက် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ဖြစ်စဉ်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီကြပါရန် အစီရင်ခံစာက တောင်းဆိုထားပါသည်။

သို့သော် ဤအမျိုးသမီးများ၏ အစီရင်ခံစာကို ငြင်းဆိုသည့် အနေနှင့် ဦးဝဏ္ဏနှင့် သူ့ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ လုံခြုံမှုရှိကြောင်း ပြောဆိုပါသည်။ ထို့ပြင် အမျိုးသမီးများနှင့် စပ်လျဉ်းသော ပြဿနာ မှန်သမျှကိုလည်း လူထုအခြေပြု အဖွဲ့အစည်းတရပ်ဖြစ်သော မြန်မာအမျိုးသမီးရေးရာ အဖွဲ့ချုပ် (MWAF) က ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးလျက် ရှိကြောင်းဖြင့် ပြောဆိုသွားပါသည်။ သို့သော် ဝေဘန်သူများကမူ အဆိုပါ အဖွဲ့အစည်းသည် စစ်အစိုးရ၏ ရုပ်သေး အဖွဲ့အစည်းတရပ်သာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်များ၏ ဇနီးမယားများ ကတော်များဖြင့် လည်ပတ် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်ဟု ပြောဆိုကြပါသည်။

“မြန်မာနိုင်ငံ အမျိုးသမီးတွေကို ကိုယ်စားပြု တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အမျိုးသား ၇ ဦးပါလာတာတော့ အတော်ရီစရာ ကောင်းပါတယ်။ ဒါကိုကြည့်ရင် အမျိုးသမီးတွေ ဖိနှိပ်ခံနေရတာ ထင်ရှားပါတယ်” ဟု ဇဟော က ပြောပါသည်။

No comments: