ဆစ်ဒစ်အစ်စလမ် |
အင်္ဂါနေ့၊ နိုဝင်ဘာလ 04 2008 15:26 - မြန်မာစံတော်ချိန် |
ဒါကာ။ ။ နှစ်နိုင်ငံအကြား တင်းမာမှု လျော့ပါး ပြေလည်စေရေးအတွက် နိုင်ငံခြားရေးဌာန အတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်သို့ စေလွှတ်မည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေး ဒေါက်တာ အိဖ်ခါး အာမက် ချောင်ဒရီ (Dr. Iftekhar Ahmed Chowdhury) က မြန်မာသံအမတ်ကြီးကို တနင်္လာနေ့က ဒါကာမြို့ နိုင်ငံခြားရေး ဌာနရုံးသို့ ဆင့်ခေါ်ကာ အစိုးရ၏ ကန့်ကွက်လွှာကို ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံကို ‘မိတ်ဆွေနိုင်ငံ’ အဖြစ် ရှုမြင်ထားသလို၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ‘ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာနေကြောင်း’နှင့် ယခု ရေကြောင်း နယ်နိမိတ်ဇုံအတွင်း ဖြစ်ပျက်နေသည့် ကိစ္စများသည် ‘အလွန် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ထွန်းမှုများ’ ဖြစ်ကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ရာတွင် ပြောကြားသွားခဲ့သည်။ မြန်မာနိုင်ငံသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဌာန အတွင်းဝန် အမ်တူဟစ်ဟူစိန် (M. Touhid Hossain) က ဒေါက်တာ ချောင်ဒရီက မြန်မာသံအမတ်ကြီးကို အသိပေး ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံနယ်နိမိတ်ကိစ္စကို ဒါကာမြို့၌ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ဆွေးနွေးရန် စီစဉ်ထားပြီးဖြစ်သည်ဟု ဒေါက်တာချောင်ဒရီက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ “ကျနော်တို့က တနင်္ဂနွေနေ့က ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတခု လုပ်ခဲ့တယ်။ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဘို့အတွက် လုပ်နိုင်တာမှန်သမျှ လုပ်သွားမှာပဲလို့ မြန်မာသံအမတ်ကြီးကိုလည်း တနင်္လာနေ့က ပြောပြခဲ့တယ်” ဟု သူက ပြောသည်။ ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက်အတွင်း မြန်မာရေယာဉ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန်က မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်ကာ အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ၁၉၇၄ ခုနှစ် ရေပြင်ပိုင်နက်နှင့် ရေကြောင်းဇုန် အက်ဥပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပိုင်ဆိုင်သည်ဟု ကြေညာထားသော ရေပြင်ပိုင်နက်အတွင်း လှုပ်ရှားမှု အားလုံးကို ချက်ချင်း ရပ်တန့်ရန် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ညွှန်ကြားချက်အရ မိမိ မေတ္တာရပ်ခံခဲ့သည်ဟုလည်း ပြောသည်။ ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်ခွင့်ရှိကြောင်းနှင့် ယင်း၏ ရေယာဉ်များ အားလုံးကို ပြန်လည် ဆုတ်ခွာသွားစေရန်နှင့် နှစ်နိုင်ငံအကြား ရေပြင်ပိုင်နက် အငြင်းပွားမှုများ ဖြေရှင်းပြီးသည်အထိ ရေနံ ရှာဖွေရေးလုပ်ငန်း ဟူသမျှကို ရပ်ဆိုင်းထားရန်လည်း အဆိုပါ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကန့်ကွက်လွှာတွင် အဓိက ရေးသား ဖော်ပြထားသည်။ ထိုအတောအတွင်း လွန်ခဲ့သောလက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခရီးစဉ်အပြီး နောက်ဆက်တွဲကိစ္စများကို ဆက်လက်ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးဌာနပေါင်းစုံ အစည်းအဝေး တရပ်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တနင်္လာနေ့က နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က သဘာပတိလုပ်ကာ ကျင်းပခဲ့သေးသည်။ အဆိုပါ အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်ရေး၊ ဆန်စပါးဝယ်ယူရေး၊ လယ်ယာ အငှားချထားရေး၊ လမ်းဖောက်လုပ်ရေးနှင့် နယ်နိမိတ် သတ်မှတ်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ပြန်လည် သုံးသပ်ခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အကျိုးအမြတ် အများဆုံး ရရှိစေရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးမှာ အရေးကြီးကြောင်းဖြင့် ဒေါက်တာချောင်ဒရီက သတင်းကြေညာချက် ထုတ်ပြန်ရာတွင် ပြောကြားသွားသည်။ |
Wednesday, November 5, 2008
ရေပိုင်နက်ပြဿနာ ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်က ရန်ကုန်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment