ဖနိဒါ |
တနင်္လာနေ့၊ နိုဝင်ဘာလ 03 2008 22:08 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ အမှုများကို ကူညီပေးနေသည့် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့အား လှိုင်မြို့နယ် တရားရုံးက ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်။ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အမှုသည်များက တရားရုံးတော်ကို အယုံအကြည် မရှိတော့သဖြင့် သူတို့၏ ရှေ့နေပါဝါများ ရုပ်သိမ်းလိုက်ကြောင်း တရားသူကြီးထံ တင်ပြရာ လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင်က တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ "သူတို့နှစ်ယောက်ကို ရန်ကုန် ဗဟိုတရားရုံးချုပ်ကနေ တရားရုံးအား မထီမဲ့မြင်ပြုမှု - ဥပဒေပုဒ်မ ၃ အရ တရားစွဲဆိုထားတယ်လို့ သိရတယ်" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ အမည်မဖော်လိုသူ ဗဟိုတရားရုံးချုပ်ရှေ့နေတဦးကလည်း "ထောင်အာဏာပိုင်တွေက ထောင်ဝင်ခွင့် မပေးဘူး။ တရားရုံးချုပ်က စွဲထားတာ။ လှိုင်မြို့နယ် တရားသူကြီးကနေ တရားရုံးကို မထီလေးစား လုပ်တယ်ဆိုပြီး တရားစွဲလိုက်တယ်။ သမ္မာန်စာလည်း ပို့ထားပြီ" ဟု ပြောသည်။ နှစ်ဦးစလုံးအား တရားရုံးမှ ယခုလ ၆ ရက်နေ့တွင် ရုံးချိန်းရက် ပေးထားသည်။ အောက်တိုဘာလ ၃၀ ရက်နေ့က စမ်းချောင်းမြို့နယ် တရားရုံး၌ နိုင်ငံရေးအမှုတခု လိုက်ပါဆောင်ရွက်နေစဉ် တရားသူကြီးက သတိထားနေရန်နှင့် နှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ချခံရနိုင်သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်အား ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုလို တရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အလားတူပင် နိုင်ငံရေး အမှုများကို ဆောင်ရွက်ပေးနေသူ လူငယ်ရှေ့နေ ကိုညီညီထွေးကိုလည်း ပြီးခဲ့သည့်လ ၁၇ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးက သမ္မာန်စာ ပေးပို့ကာ ၃၀ ရက်နေ့တွင် ရုံးချိန်းပေးခဲ့သော်လည်း ရုံးချိန်းရက် မတိုင်ခင် ၂၉ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်က တရားရုံးတော်ကို မထီလေးစားပြုမှု - ပုဒ်မ ၂၂၈ ဖြင့် ကိုညီညီထွေးကို ထောင်ဒဏ် ၆ လ ချမှတ်ပြီး၊ တပြိုင်တည်း တရားစွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေသည့် ရှေ့နေ ကိုစောကျော်ကျော်မင်းကိုမူ ဖမ်းဝရန်းထုတ်ထားသည်။ ပြည်ပအခြေစိုက် မြန်မာလူငယ်ရှေ့နေများ ဥပဒေ အကျိုးဆောင်လုပ်ငန်း - Myanmar Youth Lawyers Law Firm က နိုင်ငံတကာ လူ့အခွင့်အရေး ဖက်ဒရေးရှင်း - International Federation of Human Rights (FIDH) နှင့် နှိပ်စက်ခြင်းများကို ဆန့်ကျင်သည့် ကမ္ဘာ့အဖွဲ့ကြီး - OMCT ထံ ရှေ့နေ ကိုညီညီထွေးအား ကိုယ်ကာယ၊ စိတ်ဓာတ်ရေးရာ တစုံတရာ ထိခိုက်ခြင်းမျိုး စစ်အာဏာပိုင်များက မပြုလုပ်ရေးအတွက် အာမခံရန်နှင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုပေးစေလိုကြောင်း ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။ ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ အပါအ၀င် မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို တရားဥပဒေအဆင့် အပါအ၀င် မတရားပြုချက်များကို ရပ်တန့်ရန်နှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် မြန်မာနိုင်ငံတွင် အတည်ပြုပြဌန်းထားသည့် နိုင်ငံတကာ စာတမ်းများ၏ စံချိန်များနှင့်အညီ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အာမခံပေးရန်လည်း ပြောဆိုခဲ့သည်။ FIDH သည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ပါ အခွင့်အရေးများကို လေးစားလိုက်နာရန် ကြိုးပမ်းဆောင်ရွက်နေသည့် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ၊ ယူနက်စ်ကို၊ ဥရောပကောင်စီတို့တွင် အကြံပေးအဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ အာဖရိက လူသားနှင့် နိုင်ငံသားအခွင့်အရေး ကော်မရှင်တွင် လေ့လာသူအဖြစ်လည်း ဆောင်ရွက်နေသည်။ ရှေ့နေ ကိုညီညီထွေးနှင့် သူ လိုက်ပါဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအကျဉ်းသား ကိုရန်နိုင်ထွန်း၊ ကိုအောင်မင်းနိုင် (ခ) မီးသွေးနှင့် ကိုမျိုးကျော်ဇင်တို့၏ လျှောက်လဲချက်များအား စစ်ဆေးခြင်းမပြုဘဲ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် ဥပဒေအရ မှားယွင်းပြီး ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ ၄၈၂ ပါ ပြဌာန်းချက်ကို ချိုးဖောက်ရာရောက်သည်ဟု ရှေ့နေ ကိုဖိုးဖြူက ယခုလို ပြောသည်။ "မြန်မာပြည်က ရှေ့နေရှေ့ရပ်တွေဟာ တရားစီရင်ရေးမှာ လွတ်လပ်စွာ အမှုလိုက်ပါဆောင်ရွက်ခွင့် ဆုံးရှုံးနေပါတယ်။ အမှုသည်ကိုယ်စား တင်ပြခွင့်၊ လျှောက်ထားခွင့်၊ ဆောင်ရွက်ခွင့်ကို ပိတ်ပင်ခံနေရပါတယ်။ ၁၈၈၀ ခုနှစ် ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ - ၈ ကို ချိုးဖောက်ခံနေရပါတယ်။ နိုင်ငံတကာ ဥပဒေနှုန်းစံတရပ်ဖြစ်တဲ့ ၁၉၉၀ ရှေ့နေများအတွက် အခြေခံမူတွေအရလည်း ညီညွတ်မှု မရှိပါဘူး" ဟု သူက ပြောဆိုလိုက်သည်။ |
Monday, November 3, 2008
နိုင်ငံရေးအမှုများ ဆောင်ရွက်သူ ရှေ့နေနှစ်ဦး တရားစွဲခံရပြန်ပြ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment