ဘိုကလေးမြို့ပေါ်တွင် အာဏာပိုင်များကိုယ်တိုင် လောင်းကစားလုပ်ငန်းများကို နောက်ကွယ်က ပါဝင်လုပ်ကိုင်နေလျှက်ရှိပြီး ဒေသအတွင်း ဒုစရိုက်မှုများ ပိုမိုအဖြစ်များလာသည်။
ဘိုကလေးမြို့နယ် (မယက)ဒုဦးစီးမှူး လှမင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ခင်မောင်စိုးတို့သည် လောင်းကစားလုပ်ငန်းများတွင် ရှယ်ယာငွေများထည့်ဝင်ကာ လုပ်ကိုင်နေကြောင်း မြို့ခံတဦးက ပြောသည်။
“(၄) ရပ်ကွက်ထဲမှာ လေးငါးဦးပဲ၊ သူတို့ ရှယ်ယာဝင်ထားတာ၊ ဒိုင်ကြီးတွေမှာ (၁၁) လမ်းထဲက အောင်မင်းတို့၊ သက်ဦးတို့ဆိုရင် လှမင်းသူနဲ့ စပ်တူလုပ်ကြတာ၊ (၈)၊ (၃)၊ (၄) ရပ်ကွက်တွေမှာ လုပ်တာ၊ အဲဒီ (၃) ရပ်ကွက်က ရွှေဘဆိုရင် တမြို့နယ်လုံးကို ထိန်းချုပ်ထားတာ၊ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး အကုန်လုပ်တာ”ဟု ပြောသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ခင်မောင်စိုးသည် ၎င်းနှင့်အဆင်ပြေသည့် နယ်ထိန်းများကို အနားတွင်ခေါ်ထားပြီး နှစ်လုံး၊ သုံးလုံးထီနှင့် ဘောလုံးပွဲ လောင်းသူများကို စောင့်ကြည့်ကာကွယ်ပေးထားသည်ဟု ပြောသည်။
ဖျာပုံခရိုင်မှ ဆင်းလာသည့် ဒုစရိုက်နှိမ်နှင်းရေး အထူးရဲများမှာလဲ ဘိုကလေးမြို့သို့ ရောက်ရှိလာတိုင်း တစုံတရာ အဖမ်းအဆီးမရှိဘဲ ပြန်သွားသည်ကို မြင်နေရကြောင်း မြို့ခံက ဆက်ပြောသည်။
“ခရိုင်ကအဖွဲ့တွေက ဘိုကလေးရောက်လာရင် စားသောက်ပြီး ပြန်သွားတာပဲ၊ တခါမှ ဖမ်းတာမတွေ့ဘူး၊ နယ်ထိန်းတွေကလဲ သူတို့ရတဲ့လခနဲ့ မကာမိတော့ အဲဒီလောင်းကစားလုပ်ငန်းက ငွေရတော့ မဖမ်းတော့ဘူး အဲလိုဖြစ်နေတာ”ဟု ပြောသည်။
ဘိုကလေးမြို့ပေါ်တွင် နှစ်လုံးထီလောင်းကစားကို တနေ့လျှင် သုံးကြိမ်အထိ ဖွင့်လှစ်ထားပြီး တမြို့နယ်လုံးအတိုင်းအတာဖြင့် တကြိမ် ငွေတက်လျှင် သိန်း (၂၀) ဝန်းကျင်ရှိကာ တနေ့လုံး လောင်းကစားမှ ဝင်ငွေ စုစုပေါင်း (၅၁) သိန်းခန့် ရှိသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း လောင်းကစားလုပ်ငန်းများကို ပိုမိုလုပ်ကိုင်လာကြပြီး ခိုးဝှက်မှုများလည်း များပြားလာသည့်အပြင် လူငယ်အတော်များများ ပျက်စီးသွားကြကြောင်း မြို့ခံက ပြောသည်။
“လူတွေရဲ့စီးပွားရေးက ပိုဆိုးလာတာပေါ့၊ လောင်းကစားကလဲ တော်တော်လုပ်လာကြတယ်၊ ဖြတ်လမ်းက ငွေရှာကြတာ၊ ခိုးတာဝှတ်တာတွေလဲ ဖြစ်လာတယ်၊ အဲလိုတွေဖြစ်လာလို့ ရဲစခန်းကို သွားတိုင်ရင်လဲ အရေးယူတာတွေဘာတွေ မလုပ်တော့ဘူး၊ သူတို့နဲ့မဆိုင်သလို လုပ်နေတာ၊ တရားရုံးမှာဆိုရင် နေ့တိုင်း ဖြစ်နေတဲ့အမှုက ငွေကြေးမှုပဲ ကျန်တာမရှိဘူး”ဟု သူက ဆက်လက်ပြောဆိုသည်။
No comments:
Post a Comment