လစဉ်ထုတ် မဂ္ဂဇင်းလုပ်ငန်းများ ပုံမှန်စာအုပ်ထွက်ရန် ခက်ခဲလာသည့်အတွက် ဝန်ထမ်းများ လျော့ချနေရပြီး အချို့မဂ္ဂဇင်းများ ရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်နေသည်။
စာအုပ်ထုတ်ဝေရာတွင် အသုံးပြုသည့် စက်ယန္တရားများလည်ပတ်ရန်အတွက် လျှပ်စစ်မီးမလာသဖြင့် ပုံနှိပ်လုပ်ငန်းများ လစဉ်ထွက်ရှိရန် အခက်အခဲကြုံနေရသည့်အပြင် ပရိတ်သတ်ကြိုက်နှစ်သက်သည့် စာပေများ စာပေစီစစ်ရေးက ဖြတ်တောက်သဖြင့် စာဖတ်သူ နည်းပါးလာခြင်းများကြောင့် ဖြစ်သည်။
“မနက်က (၄၅) လမ်းထဲရောက်တယ်၊ အခုထိ မီးမလာဘူး၊ စာရေးဆရာက စာရေးတယ်၊ ကျန်တာတွေက ကွန်ပြူတာနဲ့ စာစီတာ၊ နောက် ဖလင်ခွဲတယ်၊ ပုံနှိပ်ရိုက်တယ်ဆိုတာတွေက အကုန်လုံး မီးရှိမှလုပ်လို့ရတာ၊ အဲဒါဟာ ကျနော်တို့အတွက် အကြီးအကျယ် အခက်အခဲဖြစ်တယ်၊ မဂ္ဂဇင်းတော်တော်မျာများက ရက်ကျော်ရင်ကျော် မကျော်ရင် တချို့မဂ္ဂဇင်းတွေဆို ရပ်ပစ်ရတော့မဲ့ အခြေအနေရောက်နေတယ်”ဟု နာမည်ကြီးမဂ္ဂဇင်းတိုက်တခုမှ တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။
အချို့ မဂ္ဂဇင်းလုပ်ငန်းများတွင် လစဉ်ပုံမှန် စာအုပ်ထွက်နိုင်ခြင်းမရှိသည့်အတွက် ဝန်းထမ်းလခများကို နှစ်လစာပေးရပြီး စာအုပ်က တကြိမ်သာထွက်ရှိသည့်အတွက် ဝန်ထမ်းများကို လျော့ချခြင်းများ ပြုလုပ်နေရသည်။
“ဝန်ထမ်းတွေ လျော့တာက လုပ်လာနေကြပြီ၊ အယ်ဒီတာတွေပေါ့၊ အရင် ငါးယောက်လောက် လုပ်ရမဲ့ဟာကို သုံးယောက်လောက်နဲ့ လုပ်လာကြတယ်၊ ကျနော်တို့ လုပ်ငန်းပိုင်းတွေမှာ တော်တော်ဆိုးလာပြီ၊ အကယ်၍ လကျော်မှ ထုတ်ရမယ်ဆိုရင် ပိုဆိုးတာပေါ့ဗျာ၊ ဝန်ဆောင်မှုစရိတ်က (၂) လစာ ပေးရတာ၊ ဒါပေမဲ့ စာအုပ်က တအုပ်ပဲဖြစ်မယ်၊ ရောင်းတဲ့အခါကျတော့ ရောင်းကုန်က တလစာပဲရမှာ”ဟု ၎င်းက ဆက်ပြောသည်။
စာပေစီစစ်ရေးအဆင့်ဆင့် ဖြတ်တောက်မှုများအပြင် ပြည်သူလူထုအနေဖြင့် စားဝတ်နေရေးကို လုံးပမ်းနေရသည့်အတွက် စာအုပ်ကို ဘေးချထားရသည့်အနေအထား ဖြစ်နေသောကြောင့် လစဉ်ထုတ်မဂ္ဂဇင်းများ အုပ်ရေ နည်းပါးလာခြင်းဖြစ်သည်ဟု အဆိုပါအယ်ဒီတာက ဆက်ပြောသည်။
“မဂ္ဂဇင်းတွေက မြန်မာမုန့်ထဲက အထက်မီး အောက်မီးမုန့်မျိုး ဖြစ်နေတယ်၊ အထက်ပိုင်း စာပေစီစစ်ရေးကလဲ နင်းဖြတ်နေတဲ့ အခါကျတော့ စာတွေကို ဆွဲဆောင်မှုတွေ အားလျော့လာတယ်၊ အောက်မှာကျတော့လဲ လူထုရဲ့ အထွေထွေအကြပ်အတည်းကလဲ စာအုပ်ဖတ်ဖို့ အချိန်မရှိ၊ စာအုပ်ငှားဖို့ ပိုက်ဆံမရှိ၊ အဲလိုတွေ ဖြစ်နေတာကြောင့်”ဟု စာနယ်ဇင်းလုပ်ငန်များ အခြေအနေကို ဆက်လက်ပြောဆိုသည်။
No comments:
Post a Comment