Thursday, January 29, 2009

ဒေါ်စုနှင့် ဆွေးနွေးခွင့်ပေးရန် အန်အယ်ဒီက တောင်းဆို

သဲသဲ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 13:15 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလကိုယ်စားလှယ်နှင့် မတွေ့ဆုံခင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့တို့ ဦးစွာတွေ့ဆုံခွင့်ပြုရန် စစ်အစိုးရထံသို့ ပါတီက ယမန်နေ့က စာရေးတောင်းဆိုလိုက်သည်။

ယခုလ ၃၁ ရက်နေ့တွင် ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် တွေ့ဆုံရာတွင် အစီအစဉ်အသစ်များ ချပြနိုင်ရေးအတွက် ပါတီခေါင်းဆောင်များ စုံညီ အစည်းအဝေးကို ဦးစွာ ကျင်းပလိုကြောင်း တောင်းဆိုခြင်း ဖြစ်သည်။

"မစ္စတာ ဂမ်ဘာရီ လာလို့ ကျနော်တို့နဲ့ ဆွေးနွေးရမယ်ဆိုရင် ဒေါ်စုနဲ့ အရင်တွေ့ခွင့်ပေးပါလို့ စစ်အစိုးရကို စာတင်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ CEC (ဗဟိုအလုပ်မှုဆောင် ကော်မတီ) အဖွဲ့ ပေးတွေ့လိုက်မယ်ဆိုရင် နိုင်ငံရေး အစီအစဉ် အသစ်တွေ၊ လုပ်ငန်းအသစ်တွေ၊ အယူအဆသစ်တွေ ဆွေးနွေးဖို့ ပေါ်လာမှာ" ဟု ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရလျှင်လည်းဘဲ ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများကို လေးစားသောအားဖြင့် မစ္စတာဂမ်ဘာရီကို တွေ့ဆုံသွားမည်၊ သို့သော် ဆွေးနွေးစရာ မရှိကြောင်း သူက ထပ်ပြောသည်။

ကုလအထူးသံတမန်ကြီးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် အတိုက်အခံများအကြား လွန်းထိုး ညှိုနှိုင်းရေးသမားအဖြစ် အကျိုးဆောင်နေသော်လည်း ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက မြန်မာပြည် နောက်ဆုံးခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။ တည်ဆဲဥပဒေအရ ရက်လွန် ချုပ်နှောင်ထားသည်ဟု သူ့ဘက်က စောဒကတက်ထားပြီး ပြန်လည်စီစစ်ရန် နေပြည်တော်သို့ လျောက်လှဲချက်ပြုထားသော်လည်း လစ်လျူရှုခံထားရဆဲ ဖြစ်သည်။

ခရီးစဉ်ရည်ရွယ်ချက် အထမြောက်စေရန် အခြေခံအားဖြင့် စတင်ရမည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး ပါဝင်သည့် တွေ့ဆုံညှိနှိုင်းမှုများ ပေါ်ပေါက်ရေးတို့အတွက် စစ်အစိုးရကို ဖျောင့်ဖြတိုက်တွန်းနိုင်ခြင်း မရှိခဲ့သဖြင့် မြန်မာအတိုက်အခံများဘက်က အားမလိုအားမရဖြစ်နေစဉ် သူ့ခရီးစဉ် ထပ်မံ၍ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုခရီးစဉ်သည် စစ်အစိုးရ၏ အရေးတကြီး ဖိတ်ခေါ်မှုဖြစ်ပါက သူတို့အပေါ် ကျရောက်နေသည့် နိုင်ငံရေး အကျပ်အတည်းများ အားပျော့သွားစေရန် ထွက်ပေါက်အဖြစ် ကုလသံတမန်ကို အသုံးချခြင်းသာဖြစ်ကြောင်း ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

တိုင်းပြည်အတွက် အလွန်ပင် အန္တရာယ်ကြီးမားသည့် စစ်ကျွန်ပြုရေး အခြေခံဥပဒေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို တနည်းနည်းဖြင့် အချိန်ဆွဲဖြေရှင်းရန် နည်းလမ်းရှာသည့်အနေဖြင့် ဖိတ်ခေါ်ခြင်းဟု ယူဆကြောင်း အကျဉ်းထောင်ထဲတွင် နှစ် ၂၀ နီးပါး နေခဲ့ရသူ သတင်းစာဆရာဟောင်းက ပြောသည်။

အန်အယ်ဒီ အနေဖြင့် ၂၀၀၇ အခြေခံဥပဒေကို လွှတ်တော်တရပ်ခေါ်ကာ ပြန်ပြင်ပေးရန်အတွက် စစ်အစိုးရထံ တောင်းဆိုခဲ့သည့်အတိုင်း ဆက်လက်ရပ်တည်မည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ၆ ကြိမ်မြောက် ခရီးစဉ်အပြီး နောက်တလအကြာ စက်တင်ဘာလအတွင်း မြန်မာစစ်အစိုးရက အကျဉ်းသားပေါင်း ၉၀၀၂ ဦး လွှတ်ပေးခဲ့သော်လည်း သို့သော် နိုင်ငံရေးအကျဉ်းသားမှာ တဒါဇင်ပင်မပြည့်ချေ။

No comments: