Thursday, January 29, 2009

HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်

ကိုဝိုင်း
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 18:26 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆေးကုသမှု ခံယူနေသည့် အိတ်ခ်ျအိုင်ဗီ - အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ရန်ကုန်မြို့တွင်း နေထိုင်ခြင်းမပြုရန် ကျန်းမာရေးဌာနက ကန့်သတ်ခဲ့သည်ဟု ဝေဒနာရှင်များ အပြောအရ သိရသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံတွင် တက်ရောက်ကုသမှု ခံယူပြီးသူများကို သက်ဆိုင်ရာ နယ်မြေများသို့ ပြန်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။

"ဒီမှာ ဆင်းလို့ရပြီး မဆင်းနိုင်သေးတဲ့ သူတွေရှိတယ်။ ဆင်းပြီး နယ်ကို ပြန်ရမယ်လို့ (ဆေးရုံက) ပြောတယ်။ ထိုးဆေးတင် နေတဲ့လူလည်းရှိတယ်။ အေအာဗီ ဆေးစောင့်နေတဲ့လူလည်း ရှိတယ်။ ရန်ကုန်မှာပဲ ထိုးမှရမှာလို့ ပြောတာကို မရဘူး။ သူတို့ က ရန်ကုန်မှာကို နေခွင့်မပေးတာ။ ကျနော်တို့က အိမ်ငှားနေမယ် ဆိုတာလည်း မရဘူး။ သူတို့ကို အထက်က ညွှန်ကြားထားတဲ့ အနေအထားပေါ့" ဟု အာဏာပိုင်များ၏ လက်တုံ့ပြန်မှာကို စိုးရွံသည့်အတွက် အမည်မဖော်လိုသည့် ဝေဒနာသည်တဦးက မဇ္ဈိမသို့ ပြောသည်။

နယ်မြို့များရှိ ကျန်းမာရေးဌာနများမှာ အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းထားနိုင်သော အေအာဗီဆေးနှင့် အဆုတ်နာရောဂါအတွက် ကုသဆေးရရှိရေး အခက်အခဲ ရှိသည့်အတွက် မပြန်လိုကြကြောင်း ဝေဒနာသည်များက ပြောသည်။

အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုးရှိ၍ ဆေးကုသမှုခံနေရသူများမှာ အဓမ္မ ရွှေ့ပြောင်းမှု ပြုခံရခဲ့ပြီးနောက် ယခုတဖန် နယ်ပြန်ရန် ညွှန်ကြားခံရခြင်းလည်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကူညီစောင့်ရှောက်မှုကို ရရှိနေသောကြောင့် ဝေဒနာသည်များကို စစ်အစိုးရက ပစ်မှတ်ထားနေခြင်းဟု ယုံကြည်ရသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့က သတင်းရဲတပ်ဖွဲ့များ ပါဝင်သော ကျန်းမာရေးဌာနမှ အရာရှိများက မြောက်ဥက္ကလာရှိ အာသောကရာမ ရွှေဟင်္သာ ရေလည်ကျောင်းသို့ ရောက်လာပြီး ကျောင်းတိုက်တွင် တည်းခိုနေသူ ဝေဒနာသည်များကို မျက်နှာချင်းဆိုင်ရှိ ဝေဘာဂီ ဆေးရုံသို့ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ရေလည်ကျောင်းတွင် ဝေဒနာသည်များ တည်းခိုနေခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်သည်။

ဝေဘာဂီဆေးရုံသို့ရွှေ့ပြောင်းခံခဲ့ရသူ စုစုပေါင်း (၂၄) ဦးရှိပြီး အမျိုးသား (၁၁) ဦး၊ ကလေး (၆) ဦးနှင့် အမျိုးသမီး (၇) ဦးတို့ဖြစ်ပြီး အချို့ကတော့ ဆေးရုံသွားရန် ငြင်းဆန်ခဲ့ကြသည်။

အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို ပညာပေးခြင်း၊ နှစ်သိမ့် အကြံဥာဏ်ပေးခြင်း၊ နေရေးထိုင်ရေး စီစဉ်ပေးခြင်းနှင့် ဆေးကုသမှု ရရှိအောင် ကူညီပေးသူ မဖြူဖြူသင်းမှာ ဒီချုပ်ပါတီ၏ အိတ်အိုင်ဗွီ-အေအိုင်ဒီအက်စ် ကာကွယ်ရေးနှင့် ကုသရေးဌာနခွဲမှ အဖွဲ့ဝင်တဦး ဖြစ်သည်။ သူမကို မေလ ၂၀၀၇ ခုနှစ်က အာဏာပိုင်များက ဖမ်းဆီးမှုပြုရာ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များက ဆန္ဒပြခဲ့ကြသည်။

မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝန်း၏ လျစ်လျူရှုမှုကြောင့် (၂၀၀၇) ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အိတ်အိုင်ဗီ-အေအိုင်ဒီအက်စ်နှင့် သေဆုံးသူ (၂၅,၀၀၀) ရှိခဲ့ကြောင်း၊ အေအာဗီဆေး အရေးပေါ်လိုအပ်နေသူ ပျမ်းမျှ (၇၅,၀၀၀) ဦးရှိကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရန် အကူအညီပေးနေမှုကို Global Fund အဖွဲ့ကြီးက ၂၀၀၅ ခု သြဂုတ်တွင် ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ဥရောပကော်မရှင်၊ ဆွီဒင်၊ နယ်သာလန်၊ ယူကေ၊ နော်ဝေး၊ သြစတြေးလျတို့ ပါဝင်သည့် 3 D Fund အစီအစဉ်က အမေရိကန်ဒေါ်လာ သန်း (၁၀၀) ဖြင့် အကူအညီများ ဆက်ပေးနေခဲ့သည်။

No comments: