Wednesday, January 28, 2009

နာဂစ် ဒီဇယ်ဆီအတွက် ကျေးရွာဥက္ကဋ္ဌများက ငွေကောက်ခံ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 28 2009 18:19 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံလယ်သမားများသို့ မြို့နယ်အာဏာပိုင်များက အခမဲ့ပေးခဲ့သည့် ဒီဇယ်ဆီ ထောက်ပံ့ပေးသော်လည်း ကျေးရွာအာဏာပိုင်များက ငွေကောက်ခံနေကြောင်း အတိုက်အခံ ပါတီခေါင်းဆောင်တဦး အပြောအရ သိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကွမ်းခြံကုန်းမြို့နယ်ရှိ အင်းဂလိုးနှင့် ရေတိမ်ကျေးရွာအုပ်စုနေ တောင်သူလယ်သမားများအား လယ်တဧကလျှင် ဒီဇယ်ဆီ ၄ ပုလင်းနှုန်းဖြင့် မြို့နယ်အာဏာပိုင်များက အခမဲ့ ပေးဝေခဲ့သော်လည်း ရေတိမ်ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အင်းဂလိုးကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းတို့က ငွေပြန်လည်တောင်းခံနေခြင်း ဖြစ်သည်။

"တဂါလံကို ၃,၀၀၀ (ကျပ်) နှုန်းနဲ့ လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ကို နောက်ဆုံးထား ပေးရမယ်ဆိုပြီး ကျေးရွာထဲမှာ အသံချဲ့စက်တွေနဲ့အော်ပြီး တောင်းနေတယ်။ မပေးရင် သက်ဆိုင်ရာကနေ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အနေအထားမျိုး ပြောလာပါတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို တောင်သူလယ်သမား လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြီးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက အတင်းအကျပ် တောင်းလာပါက ပဋိပက္ခများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သူက ထပ်လောာင်းပြောဆိုသည်။

ဒေသတွင်း မိုးစပါးစိုက်ချိန်၌လည်း ကျွဲနွားမလုံလောက်ခြင်း၊ မျိုးစပါးများ ပျက်စီးခြင်း၊ စိုက်ပြီး စပါးများ ရေမြုပ်ခြင်း၊ ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် စပါးစိုက်နိုင်မှု နည်းပါးခဲ့သည်။ မိုးစပါးထွက်ချိန်၌ စပါးအထွက်နည်းခြင်း၊ စပါးဈေးကျဆင်းခြင်း၊ စပါးဝယ်သူ မရှိခြင်းတို့ကြောင့် အဆိုပါ ဒီဇယ်ဖိုးငွေကို ပေးနိုင်ရန် ကျေးရွာသားများမှာ ခက်ခဲနေခြင်း ဖြစ်သည်။

No comments: