Wednesday, January 28, 2009

ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉


စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။

ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့် အခြားဂျာနယ်များတွင် ဖော်ပြခဲ့ကြရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာနယ်အယ်ဒီတာတဦးက “ကျနော်တို့ကို ဂျာနယ်စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ ပေါ်လစီဆောင်းပါးတပုဒ် ဖော်ပြခိုင်းပြီးပြီပဲ။ ဒီလောက်ဆို တော်သင့်ပါပြီ၊ ဒါပေမယ့် ခု ဘင်္ဂလားဒေ့ရှ် သတင်းကိုပါ ဖော်ပြခိုင်းတယ်။ ကျနော်တို့ရဲ့ သတင်းတွေနဲ့ ရောပြီး သူတို့ရေးပေးတဲ့ သူတို့ အာဘော်ကို ဖော်ပြစေချင်တဲ့သဘော၊ ကျနော်တို့ကတော့ ကျနော်တို့ သတင်းတွေနဲ့ မရောအောင် ပေါ်လစီဆောင်းပါးစာမျက်နှာမှာပဲ ဖော်ပြပေးလိုက်တယ်” ဟု ပြောသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသည်မှာ ပြီးခဲသည့် ဇန်နဝါရီ (၁၃) ရက်နေ့က ရန်ကုန် ကုန်သွယ်မှုဦးစီးဌာန တိုင်းရုံးမှာ မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများက စီးပွားရေးသံမှူး အချို့နှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသံမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ၎င်းက ခုလို တွေ့ဆုံဆွေးနွေးပွဲ လုပ်တာဟာ ကောင်းမွန်ကြောင်း၊ ဒါကာမှာလည်း ၎င်းတို့ အစိုးရအဖွဲ့သစ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကိစ္စများကို လေ့လာသုံးသပ်နေကြောင်း၊ မကြာမီ နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း စသဖြင့် ဖြေကြားထားသည်ဟု ရေးသားထားသည့် သတင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဘာသာပြန်အယ်ဒီတာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် သဘာဝဓာတ်ငွေ့ရှာဖွေမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြဿနာဖြစ်ခဲ့ရာမှာ အလျော့ပေးခဲ့ရမှုကို ဖုံးကွယ်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပုံမှန်ပဲ ရှိနေသယောင် ရေးသားသည့်သတင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ နအဖ စစ်အစိုးရသည် သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး တားမြစ်ပိတ်ပင်မှု အများအပြား လုပ်ရုံသာမက၊ ပေါ်လစီဆောင်းပါးများကိုလည်း အတင်းအကျပ် မထည့်မနေရ ဖော်ပြခိုင်းခြင်းများကို တောက်လျှောက်လုပ်ခဲ့ကြောင်း၊ ယခု ဤမျှနှင့် မရပ်သေးဘဲ သူတို့ ဖော်ပြစေချင်သည့် သတင်းများကို ပုဂ္ဂလိက ဂျာနယ်စာမျက်နှာများတွင် အဆိုပါဂျာနယ်များက ရေးသည့် သတင်းများ ဖြစ်သယောင် လိမ်လည်ဖော်ပြခိုင်းခြင်းမျိုး လုပ်လာတာဖြစ်ကြောင်း၊ နောင် စစ်အစိုးရက ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ ဆက်လက် ပြုမူလုပ်ကိုင်လာနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သတင်းရေးသား ဖော်ပြခွင့်နှင့်ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူလာသည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက သိအောင် ဖော်ထုတ်ဖွင့်ချရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

No comments: