Friday, January 9, 2009

မူဆလင်ဘာသာဝင်များ လူနေအိမ်ခန်းမှာ ၀တ်ပြုခွင့် မပေး

ဖနိဒါ
သောကြာနေ့၊ ဇန်နဝါရီလ 09 2009 17:43 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ခရစ်ယာန်ဘာသာဝင်များကဲ့သို့ပင် ရန်ကုန်ရှိ အစ္စလာမ် ဘာသာဝင်များအား လူနေအိမ်ခန်းများတွင် ၀တ်ပြုဆုတောင်းခွင့် မပြုကြောင်း အာဏာပိုင်များက ယခုလ ၅ ရက်နေ့တွင် ခေါ်ယူ သတိပေးခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ ထင်ရှားသည့် ခရစ်ယာန် ဘုရားကျောင်းများမှ တရားဟောဆရာများနှင့်အတူ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များအား ယခုလ ၅ ရက်နေ့က ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ဆင့်ခေါ်ကာ လူနေအိမ်ခန်းများတွင် ကိုရမ်ကျမ်းစာများ ဖတ်ကြားခွင့် မပြုကြောင်း သတိပေးခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံတော် အစိုးရက ဗလီကျောင်းတွေလည်း ဆောက်ခွင့်မပေးဘူး။ မပေးတော့ ကိုယ့်အိမ်မှာ ဖတ်ကြတယ်။ ၀တ်ပြုတာက ရပ်ကွက်လိုက်နေတဲ့နေရာ သာကေတ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာလိုမှာပေါ့နော်။ ၀တ်ပြုကြတယ်။ ရပ်ကွက်လူကြီးတွေက လိုက်တားကြတယ်" ဟု ရန်ကုန်မှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

ခရစ်ယာန်ဘာသာဝင်များ နေအိမ်အတွင်း ၀တ်ပြုခွင့် ပိတ်ပင်သည့် သတင်းကို ယနေ့နံနက်ပိုင်းက တင်ပြခဲ့ပြီး ဖြစ်သည်။

"ကျနော်တို့က ညကျရင် အထူးဝတ်ပြုတာရှိတယ်။ အာဏာပိုင်တွေက အဲလိုလုပ်ခွင့်မရှိဘူး ပြောတယ်။ အိမ်မှာ လုပ်တော့ အမိန့်နာခံမှု မရှိရင် အရေးယူခံရမယ် ပြောတော့ ကြောက်တာနဲ့ လူတွေက စုပေါင်းပြီး မဖတ်ရဲကြတော့ဘူး။ ကိုယ့်ခြင်ထောင်ထဲမှာ ဖတ်ရမလိုဖြစ်နေတယ်။ ဒါကြောင့် ခုတော့ တော်ရုံတန်ရုံ ဆုတောင်း မခေါ်ရဲကြတော့ဘူး။ မြို့ထဲမှာရှိတဲ့ ဗလီမှာပဲ လာဖတ်ကြတယ်။ အဝေးက ဆင်းရဲသားလူတွေက လာဖတ်လို့ မရတော့ဘူးလေ" ဟု အခြား အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လူနည်းစုဖြစ်သော ဘာသာဝင်များအား ၀တ်ပြုဆုတောင်းခွင့် ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးအရ ဘာသာရေးအပေါ် ခွဲခြားမှုဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) - HREIB မှ ဒါရိုက်တာဖြစ်သူ ကိုအောင်မျိုးမင်းက ပြောသည်။

"နအဖရဲ့ နောက်ဆုံးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆိုရင်လည်း အဲဒီ ဥပဒေအတိုင်းဆို လူတိုင်းက ခွဲခြားမှုမရှိဘဲ တန်းတူညီတူ ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားပြီးသား။ အခုလို လုပ်တာက လူတယောက်ရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ချိုးဖောက်ရုံသာမကဘဲ ဘာသာရေးအပေါ်မှာ ခွဲခြားမှုဖြစ်တယ်လို့ ကျနော် ထောက်ပြချင်တယ်" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတိုင်း လွတ်လပ်စွာ ဘာသာရေးကိုးကွယ်ခွင့်ရှိကာ၊ ကိုယ့်ဘာသာတရားကို အခြားသူများ သိရှိစေရန် ဟောပြောခွင့်၊ ဖော်ပြခွင့်ရှိသည်ဟု ပါရှိသည်။

ကိုအောင်မျိုးမင်းက "ဒီဘာသာရေး ဖိနှိပ်မှုဟာ အရင်တုန်းက ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့လောက်မှာ ကြားဖူးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ခရစ်ယာန်တွေ၊ မူဆလင်တွေကို ရန်ကုန်လို မြို့ကြီးတွေမှာတောင် အခုလိုမျိုး ကန့်သတ်မှုတွေ ရှိလာတယ်ဆိုတော့ တော်တော် ဆိုးဝါးလာတဲ့ အခြေအနေမျိုးပဲ" ဟု ပြောသည်။

မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဒဘာသာ ကိုးကွယ်သည့် နိုင်ငံအဖြစ် ထင်ရှားကျော်ကြားရာ ဗုဒ္ဒဘာသာဝင်ပေါင်း ၈၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် ၅ ရာခိုင်နှုန်းနှင့် မူဆလင်ဘာသာဝင် ၄ ရာခိုင်နှုန်း ရှိကြောင်း အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအဆိုအရ သိရသည်။

No comments: