သန်းထိုက်ဦး | |
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009 18:28 - မြန်မာစံတော်ချိန် | |
ချင်းမိုင် (မဇ္ဈိမ)။ ။ မီးရှူးမီးပန်းများဖြင့် နှစ်သစ်ကူးကြိုပွဲ ပြုလုပ်ရာမှ လူ ၆၄ ဦး သေဆုံးခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ညကလပ်တခု မီးလောင်မှုတွင် မြန်မာနိုင်ငံသား တဦး ပါဝင် သေဆုံးသွားသည်။ ABAC တက္ကသိုလ်ဘွဲ့ရတဦးဖြစ်ပြီး ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသည်ဟု ယုံကြည်ရသော ကိုဝင်းကျော်ဖြိုး (အသက် ၂၆ နှစ်) သည် လူကုံထံများ သွားလေ့ရှိသော နာမည်ကျော် ဆန်တီက (Santika) ကလပ်၏ အဖြစ်ဆိုးတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ အက်ကမိုင်း အမှတ် ၉ လမ်းသွယ်ရှိ ဆန်တီက ကလပ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက နှစ်သစ်ကူးချိန်ကို ရေတွက်စောင့်ကြိုနေစဉ် မီးလောင်မှုဖြစ်ပွားရာ လူ ၆၄ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရသွားခဲ့သည်ဟု ရဲက ပြောသည်။ သေဆုံးသူများအနက် မြန်မာနိုင်ငံသားတဦး ပါဝင်ကြောင်း ထောင်းလော် Thonglor ရဲစခန်းမှ အတည်ပြု ပြောကြားသည်။ "သေဆုံးသွားတာ ဟုတ်ပါတယ်။ အခုလ ၄ ရက်နေ့ကပဲ ရုပ်အလောင်းကို သူ့မိသာစုဝင်တွေက လာယူသွားပြီ" ဟု သူက မဇ္ဈိမကို ပြောပြသည်။ ကလပ်ကို ထပ်မံတိုးချဲ့ရန် နေရာအခက်အခဲ ဖြစ်လာသဖြင့် ပြောင်းရွှေ့ရန် ညကလပ်ပိုင်ရှင်က စီစဉ်ထားခဲ့သည်။ ကလပ်၏ အရောင်းမြှင့်တင်ရေး ပိုစတာတွင် "နှုတ်ဆက်ပါတယ် ဆန်တီက" ဟု ရေးသားထားခဲ့သည်။ နှစ်ကူးချိန် ၀မ်းမြောက်စွာ အော်ဟစ်ကြိုဆိုမှုအပြီး စတိတ်စင်ပေါ်တွင် မီးရှူးမီးပန်းများဖြင့် ပုံဖော်လိုက်သော Happy New Year စာတမ်းက ဒုတိယထပ်ရှိ အသံလုံရန် စီမံထားသည့် မျက်နှာကျက်ကို မီးစွဲလောင်ပြီး နှစ်ထပ်အဆောက်အဦ၏ အခြားသော နေရာများသို့ ကူးစက်လောင်ကျွမ်းခဲ့သည်။ ကလပ်အတွင်း ရောက်ရှိနေသူ လူ ၁၀၀၀ ခန့်အနက် အများစုမှာ မီးလောင်ကျွမ်းမှုအစောပိုင်းက မီးလောင်မှန်း မသိဘဲ မီးရှူးမီးပန်းများဖြင့် ဆက်လက် အလှဖော်နေခဲ့သည်ဟု ထင်မှတ်ခဲ့ကြသည်ဟု အသက်ဘေးမှ လွတ်မြောက်လာသူများက ပြန်လည်ပြောပြကြသည်။ ထို့နောက် ရုတ်တရက် မီးအမှောင်ကျသွားပြီး မီးလောင်နေမှန်း သိရှိလာရာက အော်ဟစ်ပြေးလွှားကြကာ ကလပ်၏ ရှေ့တံခါးပေါက်သို့ အလုအယက် စုပြုံပြေးထွက်ခဲ့ကြသည်။ သေဆုံးသူ အများစုမှာ မီးခိုးများကြောင့် အသက်ရှူကြပ်ကာ သေဆုံးခြင်းနှင့် တိုးကြိတ်ရာက နင်းမိခံခဲ့ရသည်ဟု ရဲက ပြောသည်။ ညကလပ်နောက်ဘက်တွင် အခြား တခါးပေါက်များ ရှိသော်လည်း လာလည်သူ အများအပြားက မသိရှိဟု ဆိုသည်။ တပါးသူများ သေဆုံးမှုဖြစ်စေသည့် နမော်နမဲ့နိုင်မှုဖြင့် ကလပ်ပိုင်ရှင်ကို တရားစွဲဆိုသွားမည်ဟု ရဲချုပ် ဂျုံးရက် ဂျူထားနွန်း Jongrak Jutanont က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
|
Tuesday, January 6, 2009
ထိုင်း ညကလပ် မီးလောင်မှု မြန်မာနိုင်ငံသားတဦး သေဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment