Sunday, March 15, 2009

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ရက်ပေါင်း(၇၀)ကျော် လှုပ်ရှားမှုစတင်ပြီ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ကမ္ဘာ့အနှံ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ၁၃၊ ၃၊ ၂၀၀၉ (မြန်မာနိုင်ငံလူအခွင့်အရေးနေ့) မှ စတင်ပြီး ၇၃ ရက်ကြာ စတင်ဆောင်ရွက်လျက် ရှိပါတယ်။

ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု FDB နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPPB တို့က ဦးစီးဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့ပေါင်း ၁၆၆ ဖွဲ့ကလည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။
ဂျပန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ တပြိုင်နက် စတင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဓါတ်ပုံတွေ၊ ဗီစီဒီမှတ်တမ်းခွေတွေ၊ ကမ်ပိန်းတီရှပ်တွေ၊ လက်ကမ်းစာစောင်တွေ ပြသပေးဝေသွားမှာဖြစ်ပြီး မေလ (၂၄)ရက်အထိ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

မေလ (၂၄)ရက်ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ခဲ့တာ (၆)နှစ်ပြည့်တဲ့နေ့ဖြစ်လို့ နိုင်ငံတကာက သတိပြုမိအောင် အဲဒီနေ့အထိ လုပ်ဆောင်တာလို့ အေအေပီပီဘီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လှုပ်ရှားမှုမှာ မြန်မာစစ်အစိုးရရဲ့ ထောင်တွင်းအခြေအနေကို အကျဉ်းသားဝတ်စုံနဲ့ သရုပ်ဖော်မှာဖြစ်ပြီး ရေးထိုးထားတဲ့လက်မှတ်တွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီ ပေးပို့မယ်၊ အင်တာနက်အွန်းလိုင်းကနေလည်း လက်မှတ်တွေ လက်ခံစုဆောင်းမယ်လို့ ဦးတိတ်နိုင်က ဆက်လက်ပြောပါတယ်။
“ကျနော်တို့ရည်မှန်းချက်က ၈၈၈,၈၈၈ ခု ရအောင် ကျနော်တို့ စုဆောင်းမှာ ဖြစ်ပါတယ်။”

ချင်းမိုင်မြို့မှာ ကျင်းပမယ့်ပွဲမှာ နိုင်ငံရေးအကျဉ်းသူဟောင်း မလဲ့လဲ့က စစ်ကြောရေးနှင့် ထောင်တွင်းအတွေ့အကြုံသာမက လက်ရှိနိုင်ငံရေးအကျဉ်းသူတွေရဲ့အခက်အခဲတွေကို ရှင်းလင်းတင်ပြမယ်လို့ ပြောပါတယ်။

လက်မှတ်ထိုးကော်မတီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်လှိုင်(ခ)ကိုအီးဗားက “မလွှတ်မချင်း ကျနော်တို့ကတော့ တစိုက်မတ်မတ် လုပ်သွားမှာပဲ” လို့ သြစတေးလျနိုင်ငံကနေ ပြောပါတယ်။
“ကျနော်ကိုယ်နှိုက်ကလည်း အေအေပီပီအဖွဲ့ဝင်တစ်ဦးပါ။ မြန်မာနိုင်ငံမှာရှိတုန်း စစ်အစိုးရက အကျဉ်းထောင်မှာ ၂ကြိမ်တိုင်တိုင် မတရားထောင်ချမှုကို ကျနော် ခံခဲ့ရတယ်။ ယနေ့ ထောင်ထဲမှာ ယုံကြည်ချက်ကို ဦးမညွှတ်တိုက်ပွဲဝင်နေတဲ့သူတွေကို လွတ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးဖို့က ကျနော်တို့တာဝန်တွေပဲ”

နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိတယ်လို့ အေအေပီပီဘီက သတင်းထုတ်ပြန်ထားပါတယ်။

No comments: