Saturday, April 18, 2009

ဒေသကွက်ကဲရေးအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ရုံးစောင့်တဦးသေဆုံး

Friday, 17 April 2009 16:11 ဖြိုးကြီး
ဘိုကလေးမြို့ပေါ်တွင် ကွက်ကဲရေးရုံးအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ရုံးအစာင့်ဝန်ထမ်းတဦး သေဆုံးခဲ့ရပြီး မြို့နယ်တရားရေးဝန်ထမ်းက သာမန်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထွက်ဆိုခိုင်းနေလျှက်ရှိသည်။

ဘိုကလေးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး အစောင့်ဖြစ်သူ ဦးမိုက်ကယ်အား ယခုလ (၇) ရက်နေ့ ညတွင် ဒေသကွက်ကဲရေးရုံး အာဏာပိုင်များက အဆိုပါရုံးအတွင်းရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်စဉ် (၈) ရက်နေ့တွင် သေဆုံးခဲ့သည်။

“(၈) ရက်နေ့မနက်မှာ ဘိုကလေးဆေးရုံကို သွားပြတော့ ဆရာဝန်က လက်မခံဘဲ ရန်ကုန်ဆေးရုံကို လွှဲလိုက်တာ၊ လမ်းမှာတင် ဆုံးတာ၊ အဲဒါကို တရားရေးဝန်ထမ်း ဥပဒေအရာရှိ ဦးဝင်းလှိုင်က (၇) ရပ်ကွက်ဥက္ကဌ ဦးသိန်းထွန်းကို ရိုးရိုး ရာသီဥတုပူတဲ့ဒဏ်ကြောင့် သေဆုံးတာဖြစ်တယ်လို့ သက်သေထွက်ဆိုခိုင်းထားတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတဦးက ပြောသည်။

ဦးမိုက်ကယ်သည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးစောင့်အဖြစ် လုပ်ကိုင်ခဲ့သည်မှာ (၁၅) နှစ်ခန့်ရှိပြီး မသေဆုံးခင်က အလုပ်မှနားခွင့်ပြုရန် မြို့နယ်(မယက)အတွင်းရေးမှူး ဦးမျိုးညွန့်အား ပြောဆိုထားသော်လည်း ဥက္ကဌမရှိသေးသည့်အတွက် စောင့်ဆိုင်းရန်ပြောဆိုသဖြင့် ဆက်လက် တာဝန်ထမ်းဆောင်နေစဉ် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ဘိုကလေးမြို့ပေါ်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးကို နာဂစ်ဖြစ်ပြီးတော့ ယာယီကွက်ကဲရေးရုံးလုပ်ထားတာ၊ ရဲ၊ စစ်တပ်နဲ့ (ရယက)တွေက အဲဒီမှာ ၂၄ နာရီ နေတာ၊ အကူအညီပေး ပစ္စည်းတွေကိုလည်း အဲဒီမှာထားတယ်၊ အဲဒီပစ္စည်းတွေ ထုတ်ရောင်းတာတွေ၊ ညဘက်ဆို အာဏာပိုင်တွေ သောက်စားပြီး ညစ်ညမ်းအခွေတွေ ကြည့်တာကအစ သူကသိတယ်” ဟု ၎င်းက ဆက်ပြောသည်။

သေဆုံးသူ ဦးမိုက်ကယ်ကို ယခုလ (၁၀) ရက်နေ့က ဘိုကလေးသုဿန်တွင် မြေမြှုပ်ခဲ့ပြီး တရားဝင် ဆရာဝန်ဆေးစစ်ချက်အရ မည်ကဲ့သို့ သေဆုံးခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်အရေးယူမှုများကို မသိရသေးကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောသည်။

No comments: