Thursday, April 23, 2009

ဝတ်ပြုဆုတောင်းသူ နှစ်ဦး သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲခံရ

မြင့်မောင်၊ ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 19:30 - မြန်မာစံတော်ချိန်


နယူးဒေလီ၊ ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ် ဇီးဖြူကုန်းရွာရှိ စေတီတော်ကြီး၌ ယမန်နေ့ ဆုတောင်းပွဲ၌ ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် နှစ်ဦးကို မြို့နယ်တရားရုံးက ယနေ့ တရားစွဲဆိုလိုက်သည်။

ပါတီဝင်လူငယ်နှင့် ရွာသား စုစုပေါင်း ၅ဝ ခန့်ကို ဦးဆောင်၍ အဖတ်တရာ စေတီကြီးတွင် ဆုတောင်းကြသဖြင့် ယမန်နေ့က အဖမ်းခံခဲ့ရသူ တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေ၊ စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ယနေ့တွင် မြို့နယ်တရားရုံးက သာသနာတော်ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

“တရားသူကြီး ဦးအေးကိုကိုက ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅ (က) အရ သာသနာရေးနဲ့ ပတ်သက်ပြီးတော့ အမှုဖြစ်တဲ့ အတွက်ကြောင့် အာမခံ မရဘူးဆိုတဲ့အကြောင်း။ ဒီအမှုကို ဒီနေ့ မစစ်ဖြစ်ဘူး။ ရက်ချိန်း ရွှေ့လိုက်တယ်” ဟု အမှုအတွက် အကျိုးဆောင်ပေးနေသူ တွံတေးမြို့မှ အထက်တန်းရှေ့နေ ဒေါ်မြင့်မြင့်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။

အကျိုးဆောင် နောက်တဦးဖြစ်သည့် ရှေ့နေ ဦးကျင်တိုးကလည်း “ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ နဲ့ စွဲလိုက်တယ်။ အဲဒီပုဒ်မက ရဲ အရေးမပိုင်ဘူး။ ဝရန်းထုတ်နိုင်တယ်။ အာမခံ ပေးခွင့် မရှိဘူး” ဟု ပြောသည်။

တရားစွဲဆိုခံရသူ အန်အယ်ဒီ ပါတီဝင် နှစ်ဦးသည် ယမန်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ အဖတ်တရာ စေတီတော်ကြီးတွင် သာသနာ့ အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။

ဆုတောင်းစဉ် တွံတေးမြို့မှ ရဲ ၆ ဦးခန့်က လာရောက်၍ အသံဖမ်းခြင်း၊ မှတ်တမ်းယူခြင်းများ လုပ်ခဲ့သော်လည်း အခြား အနှောင့်အယှက် မပြုဘဲ၊ ပြီးစီးသည့်အခါ တွံတေးရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက သူတို့နှစ်ဦးကို ခေါ်သွားပြီး တွံတေး ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီးခဲ့သည်။

ယနေ့ တရားရုံးထုတ်ရာတွင် ကြားနာခြင်း မပြုဘဲ ရုံးချိန်းကို ယခုလ ၂၈ ရက်နေ့သို့ ချိန်းဆိုလိုက်သည်။

ရှေ့နေ ဦးကျင်တိုးက “တကယ်တော့ လူတန်းစားတခုခုက ယုံကြည်ကိုးကွယ်နေတဲ့ သာသနာကို စိတ်နာကြည်းအောင် ပြုလုပ်တာကို သာသနာညှိုးနွမ်းစေတယ်လို့ ခေါ်တယ်။ တကယ်လို့ ကိုင်ဆောင်တဲ့ အလံမှာ မကောင်းတဲ့ မိန်းမပုံ ယောက်ျားပုံလိုမျိုး ပါတယ်ဆိုရင်တော့ ညှိုးနွမ်းစေတာပေါ့လေ” ဟု ပြောသည်။

တွံတေးမြို့နယ် အန်အယ်ဒီလူငယ် တာဝန်ခံ ကိုရဲထွဋ်ခေါင်ကလည်း “ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လုပ်တာက ကုသိုလ်ကောင်းမှု ပြုပြီး ဘုရားမှာ ဆုတောင်းမေတ္တာ ပို့တာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက အလှူတခုခု လုပ်တယ်ဆိုရင် အလှူဒါန ပြီးမြောက်အောင် သတ္တဝါတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ ပြုလုပ်သမျှ ပေးဝေတာပဲ။ သာသနာကို ညှိုးနွမ်းအောင် လုပ်ရာ မရောက်ဘူး၊ ကျနော်တို့က အိမ်ဦးခန်းမှာ ကိုးကွယ်ထားတဲ့ ဘုရားကို ရှစ်ခိုးရင် သာသနာကို ညှိုးနွမ်းအောင် လုပ်တာနဲ့ ဆွဲမှာလား” ဟု ပြောသည်။

သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက် ဦးဉာဏ်ဋ္ဌေးက တရားလိုအဖြစ် ဆက်လက် ထွက်ဆိုသွားမည်ဟု သိရသည်။

ယခု စွဲဆိုလိုက်သည့် ပုဒ်မသည် ပြစ်ဒဏ်အဖြစ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

No comments: