Sunday, April 28, 2013

စာနယ်ဇင်းလောက ဖြစ်ပျက်နေတာနဲ့ ပတ်သက်၍

စတုတ္ထမဏ္ဍိုင်ကိစ္စနဲ့ ပတ်သက်ပြီး၊ ယခင် စာပေကင်ပေတိုင် (ခ) စာပေစိစစ်ရေးကို ပြန်ထားဖို့ မသင့်ပါဘူး။ စာပေလွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်။

သတင်းကို တန်ဖိုးမထားပဲ၊ လက်လွတ်စပယ် ရေးသားမှုကြောင့်၊ စိတ်အနှောက်အယှက်ဖြစ်၊ နစ်နာမှုရှိခဲ့ရတဲ့ သူတွေက၊ အထောက်အထားခိုင်လုံစွာနဲ့ တင်ပြတိုင်တန်းလျှင်၊ အခမဲ့ ကူညီဆောင်ရွက် တရားစွဲ ရှေ့နေလိုက်ပေးနေတဲ့ (နစ်နာသူကို ဝန်ထုတ်ဝန်ပိုး ထပ်ဆင့်မဖြစ်စေတဲ့) တရားမျှတ မှန်ကန်တဲ့ တရားရေးအဖွဲ့အစည်းမျိုး လုပ်ထားပေးသင့်ပါတယ်။ သတင်းထောက်ဘက်က အထောက်အထား ခိုင်လုံစွာနဲ့ မှန်နေရင်တော့၊ ရှက်ရမ်းရမ်းပြီး လီဆယ်အမှုဖွင့်တိုင်တန်းတဲ့ သူကို၊ သူတပါးအပေါ် နစ်နာစေမှုနဲ့ အလုပ်ပျက်၊ စားရိတ်ထောင်း၊ ကုန်ကျမှုများအတွက်၊ ပြန်လည် အရေးယူပေးရမှာ ဖြစ်ပါတယ်။

ဒါဟာ စာပေလွတ်လပ်ခွင့်ကို မထိခိုက်တဲ့အပြင်၊ တာဝန်ခံ တာဝန်ယူတတ်တဲ့ အရည်အသွေးကိုလည်း ဖြစ်စေပြီး၊ သိက္ခာရှိသော သတင်းထောက်များ၊ သတင်းမှန်များကိုလည်း မွေးထုတ်ရာ ရောက်ပါတယ်။

အတင်းသည် သတင်း မဟုတ်သလို၊ သတင်းသည်လည်း အတင်း မဟုတ်ပါ။

ဘော့စ်တွန်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍

ဘော့စ်တွန်ဗုံးပေါက်ကွဲမှုဟာ လူ့ပြည်မှာ မရှိသင့်၊ မနေသင့်တဲ့၊ လူသားကိုယ်ချင်းစာနာစိတ် မရှိတဲ့၊ မှားယွင်းသော အယူအဆရဲ့အောက်၊ ရှင်သန်နေတဲ့၊ လူတွေရဲ့ ရူးသွပ်နေတဲ့လုပ်ရပ်ပါ။

ပေါက်ကွဲစေနိုင်တဲ့ ဓါတုပစ္စည်း၊ ခဲယမ်းတို့ကို အလွယ်တကူ ဝယ်ယူရရှိနိုင်တာဟာလည်း၊ အေးချမ်း၊ လွတ်လပ်၊ ပျော်ရွှင်နေတဲ့ ပြည်သူတွေအတွက်၊ အန္တရာယ်တမျိုး တိုးတာပါပဲ။

လူ့အခွင့်အရေးအရ သေချာမှ ဖမ်းတတ်တဲ့ ရဲတွေဟာ၊ အပြစ်ကျုးလွန်မယ့်သူတွေကို၊ အပြစ်ကျူးလွန်နိုင်အောင်၊ ခြေတလှမ်း အသာပေးထားသလို ဖြစ်နေပါတယ်။

မသင်္ကာသော လှုပ်ရှားမှုရဲ့ ဖုံးကြားဖြတ်နားထောင်ခြင်းကိုတောင်၊ လူအခွင့်အရေး ဆုံးရှုံးတယ်လို့ ယူဆတဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီး အမေရိကန်ရဲ့ ပြည်သူတွေဟာ၊ ကိုယ့်ရဲ့လွတ်လပ်ခြင်းကပဲ ကိုယ့်ရဲ့အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

ဝေဖန်တာလွယ်သလောက်၊ တကယ်လုပ်ကိုင်ဆောင်ရွက်ရာမှာ မလွယ်ကူလှဘူးဆိုတာ နားလည်ပါတယ်။

ဒီဖြစ်ရပ်ဟာ၊ အမေရိကန်အစိုးရနဲ့ ပြည်သူများအတွက်၊ မိမိတို့ရရှိထားတဲ့ အခွင့်အရေးကို ကိုယ်စီလျော့ယူရင်း၊ ဝိဉာဉ်ကွယ်ပျောက်ခါနီး သွေးရူးတန်းရူးဖြစ်နေတဲ့၊ အကြမ်းဖက် အစွန်းထွက်သမားများရဲ့ ရန်ကို၊ အနာဂတ်အတွက်၊ ပူးပေါင်း ကာကွယ်ပေးဖို့၊ လိုအပ်နေပြီဖြစ်ကြောင်း၊ မီးမောင်းထိုးပြလိုက်သလိုပင်။

သဘာဝပတ်ဝန်းကျင်ကို တကယ်ချစ်လား

လက်ပံတောင်းကိစ္စမှာ လယ်သမားတွေဟာ နစ်နာမှုအတွက်၊ ပေးတဲ့ လျော်ကြေးငွေကို ရယူနိုင်ခြင်းဟာ အကောင်းဆုံး အခြေအနေပါ။ တောင်တွေခံနေလို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ ဖွံ့ဖြိုးသင့်သလောက်၊ မဖွံ့ဖြိုးပဲ ခေတ်နောက်ကျန်နေခဲ့ရတဲ့ ဒေသတွေ၊ မြန်မာနိုင်ငံမှာ အလျှံပယ် ဒုနဲ့ဒေးပါ။

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်က ခံစားရတဲ့ အကျိုးအမြတ်ဆိုတာကလည်း၊ ဒီမိုကရေစီ အရပ်သားအစိုးရတက်လာရင်၊... ရင်းနှီးမြှုပ်နှံလိုသူတွေကို အာမခံချက်ပေးနိုင်တဲ့၊ တည်ငြိမ်တဲ့ နိုင်ငံရေးစံနစ်ဖြစ်လာရင်၊... တိုင်းပြည်စီးပွားရေးလည်း တိုးတက်ကောင်းမွန်လာမှာမို့၊ အဲဒီအချိန် တပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ ပိုလုပ်လာနိုင်ရင်.. ပျောက်ပျက်သွားမှာပါ။

လက်ရှိ စပ်ကူးမတ်ကူးကာလမှာ.. မနက်ဖြန် စားဖို့အတွက် စိုးရိမ်နေတာကိုလည်း သဘာဝကျတာမို့၊ အပြစ်မမြင်ပါဘူး။ နိုင်ငံကို တိုးတက်အောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့၊ သမ္မတဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ၊ သူမရဲ့ ကျွမ်းကျင်လိမ္မာမှုနဲ့၊ နိုင်ငံတကာ ကူညီပံပိုး ဖေါ်ဆောင်ပေးမှုများဟာ၊ တိုင်းပြည်အတွက် အသက်တောင် ပေးအပ်ထားတဲ့ တပ်မတော်သားတွေအတွက်၊ လက်ပံတောင် ခံစားခွင့်ကို မစွန့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး။

သဘာဝပတ်ဝန်းကျင်ကို တကယ်ချစ်ရင်၊ ကိုယ်ကိုယ်တိုင်ကစပြီး အမှိုက်ကို လမ်းသွားရင်း စည်းကမ်းမရှိ လွှင့်မပစ်ပါနဲ့။ တပါးသူ အမှိုက်ချသွားတာတွေ့ရင် လိုက်လံကောက်ပြီး အမှိုက်ပုံးထဲ ကာယကံရှင် မသိမသာမြင်သာအောင် ထည့်ပေးပါ။ ရည်ရွယ်ချက်တူသူတွေ စုပေါင်းပြီး၊ ပန်းမျိုးစေ့တွေကို မြေလွတ် လမ်းဘေးတွေမှာ ကြဲ။ သန့်ရှင်း၊ လှပတဲ့၊ ပန်းမြို့တော်၊ ပန်းရွာတွေ လုပ်ကြဗျာ။

ဆင်းရဲသားအရေး အော်ပြီး၊ လူထုအုံကြွမှုလုပ်လို့ ကုန်ဈေးနှုန်းတက်လာရင်၊ ဆင်းရဲသားပဲ ပြန်ခံစားရတယ်။ ဆင်းရဲသားတွေအတွက် အလှူလုပ်ချင်ရင်၊ စားပင်မျိုးစေ့တွေကို ဖေါ်ပြခဲ့သလို ပန်းမျိုးစေ့လို ကြဲပြီး၊ မြေကြီးမှ ပဒေသာပင် ပေါက်လာသလို လုပ်ဗျာ။

စည်းကမ်းနည်းပြီး အတ္တများတဲ့ သူတွေဟာ၊ အစပထမပိုင်းမှာတော့ အမြစ်ကို တူးယူသွားကြမယ်။ လှုပ်ရှားမှုအားကောင်းပြီး၊ သဘာဝအလေ့ကျပေါက်ပင်လို ဖြစ်သွားတဲ့အချိန်မှာတော့၊ ဘယ်သူမှ နှုတ်ယူမနေတော့ဘူး။ ရည်ရွယ်ချက်အောင်မြင်ပြီလို့ ယူဆရတဲ့အချိန်မှာ သင်တို့ရဲ့လုပ်ရပ်ကို သင်တို့ကိုယ်တိုင် ကြည်နူးပီတိ ခံစားရပါမယ်။

တောင်ချစ်တတ်သူများ၊ အမြဲမြင်ချင်တဲ့သူများ ဝမ်းနည်းစရာ မလိုပါ။ မြန်မာ့တပ်မတော်က စစ်လက်နက်ပစ္စည်းစက်ရုံ တည်ပြီးပြီဆိုတာနဲ့၊ မြေကြီးတွေဖို့ပြီး၊ တောင်တွေ အသစ်လုပ်နေသောကြောင့်ပင်။

ဟ,နေသောတံခါးကို တွန်းဖွင့်မှာလား၊ ဟ,ပြီးသား တံခါးကို ဆွဲပိတ်တာလား။

မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးနေဝင်းဟာ၊ ဝတ်စုံချွတ်ပြီး သမ္မတကြီး ဦးနေဝင်း လုပ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ထောင်ထဲသို့ ထည့်ပြီး၊ ပါတီအများအပြားရှိခဲ့တဲ့ တိုင်းပြည်ကို၊ အစိုးရပါတီ တခုတည်း လုပ်ခဲ့တယ်။ ဒီမိုကရေစီ ချုပ်ငြိမ်းခဲ့တယ်။

မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ၊ ဝတ်စုံချွတ်ပြီး သမ္မတကြီး ဦးသိန်းစိန် လုပ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ထောင်ထဲမှ ထုတ်ပြီး၊ အစိုးရတပါတီတည်းရှိခဲ့တဲ့ တိုင်းပြည်ကို ပါတီအများအပြား လုပ်ခဲ့တယ်။ ဒီမိုကရေစီ ဖွင့်ပေးခဲ့တယ်။

ဝတ်စုံလဲတာချင်း တူပေမယ့်၊ လုပ်ဆောင်မှုချင်းက တခြားစီ။

ဒါကို ရန်သူလို့ သတ်မှတ်ပြီး၊ ဆူပူအုံကြွမှုတွေ လုပ်နေတာဟာဖြင့်.....
ဟ,နေသောတံခါးကို တွန်းဖွင့်မှာလား၊ ဟ,ပြီးသား တံခါးကို ဆွဲပိတ်တာလား။

မေးပါရစေ..

မြန်မာ့ယဉ်ကျေးမှုနှင့် ထပ်တူနီးပါးမျှ ဆင်တူသည့် ထိုင်းနိုင်ငံတွင်၊ ထိုင်းပြည်သူများသည် ကွမ်းစားသော ဓလေ့အား၊ အကျိုးမရှိသော အမူအကျင့်ဟု သုံးသပ်ကာ၊ ဆင်ခြင်နေထိုင်ခဲ့ကြခြင်းဖြင့်၊ သူတို့၏ အနာဂတ်ကို သူတို့ တည်ဆောက်ယူခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် နေထိုင်စဉ်၊ ရင်းနှီးသော ထိုင်းအမျိုးသားတဦးမှ ရှင်းပြခဲ့ရာတွင်-

" လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထိ၊ ကျနော်တို့ ထိုင်းတွေလည်း ကွမ်းစားခဲ့ကြတာပေါ့ဗျာ။ ပြန်သုံးသပ်ကြည့်ရင် သွားတွေလည်း ညစ်ပတ်တယ်။ ခံတွင်းနံ့လည်း မကောင်းဘူး။ အကျီ င်္ပေတဲ့အခါ၊ သပ်ရပ်သန့်ရှင်းမှု မရှိတော့ဘူး။ ကိုယ်အလွယ်တကူ ထွေးလိုက်တဲ့ တံတွေး(ကွမ်းတံတွေး)ဟာ၊ မြင်ရတဲ့ တခြားသူတွေကို ရွံစရာ စိတ်အနှောက်အယှက်ဖြစ်စေတယ်။ ကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင်၊ ပိုက်ဆံလည်း အကျိုးမရှိပဲ ကုန်၊ နံရံတွေလည်း ညစ်ပတ်စေတာနဲ့၊ ကျနော်တို့ ရပ်မိရပ်ဖတွေအားလုံး အစည်းဝေးလုပ်ကြပြီး၊ ကွမ်းကို စုပေါင်း ဖြတ်ပစ်လိုက်တယ်။ ခု ခင်ဗျားတွေ့တဲ့အတိုင်းပဲ၊ ကျနော်တို့ ထိုင်းတွေ ကွမ်းမစားကြတော့ဘူး။"

သူသည် သာမန် ထိုင်းအရပ်သားတဦးသာလျှင် ဖြစ်သည်။ နိုင်ငံရေးအရ ကြည့်လျှင်၊ မီးခိုးတိတ်စက်ရုံဖြစ်သည့်၊ များပြားလှသော ကမ္ဘာလှည့်ခရီးသည်များအတွက်၊ စက်ဆုတ်ရွံရှာဖွယ် မဖြစ်အောင်၊ လုပ်ကိုင်လိုသည့် အစီအစဉ်လည်း၊ ထိုအထဲတွင် ပါကောင်းပါနိုင်သည်။

စည်းကမ်းရှိသော တိုင်းပြည်၊ စည်းကမ်းသိသော တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်မှုကို လက်ခံရယူရန် အသင့်ပြင်ဆင်ထားသော အနေအထားပင် မဟုတ်ပါလား။

ကျနော်တို့ တိုင်းပြည်ရဲ့ ပြည်သူတွေရော...
တည်ဆောက်ယူလိုသူ များသလား၊ ဆန့်ကျင် အတိုက်အခံလုပ်လိုသူ များသလားခင်ဗျာ....လို့၊ (မဝံ့မရဲ)..

မေးပါရစေ...

"မပြောလိုပါ"

ဒီမိုကရေစီဆိုတာ - "လူ့အခွင့်အရေး ပြည့်ဝသော၊ စည်းကမ်းဥပဒေအတွင်း နေထိုင်ခြင်း" ပါပဲ။
လူတိုင်းကိုယ်စီ ကျင့်ကြံ၊ တည်ဆောက်ယူသွားမှ ရရှိမှာပါ။

ဒါကိုပဲ တချို့က ကြောက်လို့ ငြိမ်တယ်လို့ ဆိုသူဆို၊ စစ်အစိုးရလှည့်ကွက်ထဲ ဝင်သွားပြီလို့ ပြောသူပြော။

စည်းကမ်းဥပဒေဘောင်ကျော်ပြီး လုပ်ဆောင်ပြုမူခြင်းသာလျှင်၊ တိုင်းပြည်ကို အာဏာရှင်လက်အောက်သို့၊ တဖန်ပြန်ရောက်အောင် တွန်းပို့နေခြင်းဖြစ်သည်.. ဆိုတာကိုတော့။

ကြွက်ချေးသတင်းသမား

Amazine Hotel ဟော်တယ်ကြော်ငြာရိုက်ကူးတာကို၊ ယခုလို စည်းကမ်းမရှိ၊ ဗရမ်းဗတာ သိက္ခာချရေးသားမှုကို မြန်မာ့စာနယ်ဇင်းလောကတွင် မဖြစ်သင့်ပေ။

သတင်းတခုဟာ အမှန်တရားက သွေဖည်သွားပြီဆိုရင်၊ ဝါဒဖြန့်သက်သက်သာ ဖြစ်တယ်။

တိုင်းပြည်တိုးတက်ကောင်းစားတာ၊ ပြည်သူ စိတ်ချမ်းသာတာ မြင်လိုလျှင်တော့ ......

ကမ္ဘာကျော်၊ စွမ်းရည်မြင့်၊ ပညာရှိအမျိုးသမီးတယောက်ကို လျင်မြန်ဖြတ်လတ်တဲ့ အရွယ်မှာ နှစ်ရှည်လများ ချုပ်နှောင်ထားခဲ့ပြီး၊ လုပ်နိုင်ကိုင်နိုင်သေးတဲ့ အဆင်သင့်ဖြစ်နေတဲ့ အရွယ်မှာ ဥပဒေနဲ့ တားဆီးထားကာ၊ အသက်ကြီးပြီး ဘာမှ မလုပ်နိုင်တော့တဲ့အချိန်ကျမှ ပြဿနာတပုံတပင်ကြီးကို ထမ်းချင်လည်း ထမ်းပါစေဆိုပြီး လာပစ်တင်မယ်ဆိုရင်၊ ဒါမှမဟုတ် ဘယ်တော့မှ ထမ်းဆောင်ခွင့် မပေးတော့ဘူးဆိုရင်..... ဘယ်လောက်ကြီးကောင်းအောင် လုပ်ပြနေပါစေ၊ တချိန် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျန်ခဲ့မှုအတွက် သမိုင်းရဲ့ တရားခံပဲ။

လွှတ်တော်ကြီးတရပ်လုံး ပြည်သူကို တကယ်ချစ်သလား။ တိုင်းပြည်ကို တကယ်ချစ်သလား။ တကယ်ချစ်ရင်.. ပြည်သူနဲ့ တိုင်းပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကောင်းဆုံးလုပ်ဆောင်ပေးမှုကို ဝိုင်းဝန်း၊ လမ်းဖွင့်၊ ကူညီပေးကြပါစို့။

နှစ်ပေါင်း(၅၀)လောက် စစ်တပ်က တိုင်းပြည်ကို စိတ်တိုင်းကျ ဖေါ်ဆောင်လာခဲ့ပြီးပြီပဲဗျာ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ တပ်မတော်ကို စတင်တည်ထောင်တဲ့ တပ်မတော်ဖခင်ကြီးရဲ့သမီး၊ ပြည်သူတွေရဲ့ခေါင်းဆောင်၊ ဒီမိုကရေစီရဲ့ ပြယုဂ်၊ ဦးဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို (၁၀)နှစ်လောက် အကောင်အထည်ဖေါ်ခွင့် ပေးလိုက်တော့ ဘာဖြစ်မှာလည်းဗျာ။ သူနေခဲ့တဲ့ အကျဉ်းချကာလတောင် ၁၆နှစ်လောက် ကြာမြင့်သေးတဲ့ဟာကို။

သမိုင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်း လွှတ်တော်ရဲ့ ဂုဏ်သိက္ခာလည်း မြင့်မားမယ်။ ကမ္ဘာကလည်း လေးစားမယ်။ အားလုံးကလည်း ရောက်တဲ့နေရာတိုင်း ဝမ်းသာအားရသြဘာပေးခံရမယ့် အပေါင်းလက္ခဏာကိန်းပါ။ ပြည်သူတွေအားလုံးလည်း ပျော်ရွှင်မယ်။ တိုင်းပြည်လည်း တိုးတက်မယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူမကို သမ္မတမဖြစ်အောင် ရည်ရွယ်ပိတ်ပင်ရေးဆွဲထားတဲ့ အချက်ကို တိုင်းပြည်အကျိုးအတွက်၊ တိုင်းပြည်ရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဖယ်ရှားပေးလိုက်ကြပါစို့။ ဥပဒေပါ စကားလုံးများ ဖြုတ်ခြင်း၊ အစားထိုးခြင်းအတွက် သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဌကြီးလည်း ပူးပေါင်း၊ ပါဝင်၊ ဦးဆောင်ပေးကြပါစို့။

မပြောချင်လို့ ကြည့်နေတာ ကြာပြီ။

ဆရာမာန်မြင့်ရဲ့ စာကို ယူသုံးပြီး ပြောရရင်၊ မြန်မာပြည်မှာ လုပ်တာဆိုလို့ လူပဲ ရှိတယ်။ အဲဒီလူတောင်မှ ဘာမှ သုံးစား မရတဲ့ လူ။ လက်ချုပ်အပ်တောင် တရုပ်ပြည်က သွင်းရတာ။ ပလပ်စတစ်ကို တီထွင်တာ နှစ် ၂၀၀ကျော်ပြီ။ ခုထိ ပလပ်စတစ်ခွက်ကို ထိုင်းဆီက ဝယ်သွင်းရတုန်း။

အသိပညာရှင်တွေကတော့ စင်္ကာပူလို မီးခိုးတိတ် ငွေပင်လယ်ဖြစ်ချင်ကြတယ်။ ကိုယ့်မှာက ကလေးပညာရေးအကြောင်း၊ အစိုးရဘက်အပိုင်းရော၊ ပြည်သူကျောင်းသားမိဘဘက်အပိုင်းပါ ဘာမှ မပြောခင်.... ကျောင်းနေတဲ့အရွယ် ကလေးတွေအားလုံး၊ စာသင်ခန်းကို ရောက်ပြီလားဆိုတာပဲ မေးချင်တယ်။ ပညာရေးအဆင့် မီ၊ မမီနဲ့ ခြစားမှုတွေ၊ ကျောင်းသားနဲ့ ဆရာဦးရေ မျှ၊ မမျှ။ သင်ထောက်ကူပစ္စည်း ပြည့်စုံမစုံ၊ စာသင်ကျောင်းလုံလောက်မှု ရှိမရှိ ဆိုတာတွေတော့ အပိုလုပ်ပြီး၊ ထပ်မပြောလို။ ကိုယ့်ပြည်တွင်းရဲ့ ပညာရေးတောင် နိုင်အောင်မလုပ်နိုင်ပဲ၊ တခြားသူလို ကမ္ဘာဆီမှ ငွေချုနေချင်သေး။ စိတ်ကူးယဉ်လို့ ကောင်းတုန်း။ ဘယ်သူ ဘယ်နိုင်ငံတွေကများ ကျောင်းလာတက်မှာပါလိမ့်။ အီသီယိုပီးယားတောင် လာပါ့မလား။

တချို့ကျတော့လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးချင်ကြတယ်။ လူတိုင်းရဲ့ပါးစပ်က ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ ထွေးတာကို အရင်ပျောက်အောင်လုပ်၊ ဒါမှမဟုတ် လူသွားလမ်း ပလက်ဖောင်းမြောင်းဖုံးတွေ မကျွံအောင် အရင်လုပ်၊ ဒါမှမဟုတ်ရင် ဈေးတိုင်း၊ ဆိုင်တိုင်းမှာ အခမဲ့အိမ်သာဆိုပြီး သန့်ရှင်းအောင်ထားပေး၊ ဒါမှမဟုတ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့.... ပြောတော့ဘူးဗျာ။

တချို့ကလည်း သဘာဝအလှသာလျှင် အကောင်းဆုံးတဲ့။ မွေးကာစ ကလေးဘဝကတည်းက ကျနော့်ဘကြီးလည်း ဒီလိုပဲ နှစ်တရာနီးပါး ထိုင်ကြည့်လာတာ ခုတော့ ဆုံးသွားရှာပြီ။ သူတပါးက တင်းနင်းကွင်းတွေ၊ အားကစားကွင်းတွေ လုပ်တဲ့အချိန်မှာ တို့ဆီက ကလေးတွေကတော့ သဘာဝရဲ့ ရွှံ့ထဲ၊ ဗွက်ထဲ၊ ကျွတ်တွေ၊ မျှော့တွေနဲ့ နပမ်းလုံးအုံးပေါ့လေ။ (ဧရာဝတီမပါ)

အလကားဖြစ်နေတဲ့ မြေအောက်ထဲကဟာကို ဝင်ငွေရအောင် ရှာမယ်ဆိုတော့လည်း၊ မဟုတ်ပြန်။ မြေပေါ်မှာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအတွက် ဝင်ငွေရစရာ ဘာရှိလို့တုန်း။ စက်ရုံတွေလာထောင်တော့လည်း၊ နိုင်ငံတကာစက်ရုံတွေ နိုင်ငံတကာ အလုပ်သမားတွေနဲ့ အလုပ်လုပ်တာ ဘာသံမှ မကြားဘူး။ မြန်မာပြည်နဲ့မှပဲ ဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲ။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းမှာ တိုင်းပြည်အတွက် အကောင်းဆုံးလို့ သူ့အစိုးရက ယုံကြည်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖေါ် လုပ်ဆောင်သွားခဲ့မှာဖြစ်သလို၊ ခင်ဗျားတို့ ကျုပ်တို့အပိုင်းကလည်း ခေါင်းစဉ်လေးဖတ်ပြီး တပုဒ်လုံးကို ရောချဝေဖန် မပစ်လိုက်ဖို့ လိုတယ်။

ဒီအတိုင်းပဲ၊ သမ္မတ ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာရင်လည်း သူဆောင်ရွက်နိုင်တာ အားလုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါပဲ။

ဟိုဟာလုပ်လည်း ကန့်ကွက်၊ ဆန္ဒပြ။ ဒီဟာလုပ်လည်း ကန့်ကွက် ဆန္ဒပြနေမှတော့ .. ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်တယ်၊ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်ချင်တယ်၊ ဆင်းရဲသားတွေ ၊ လယ်သမားတွေ၊ နင်းပြားတွေ သူဌေးဖြစ်ရမယ် ဆိုတဲ့စကားတွေ.... သေတဲ့အထိ မပြောသွားနဲ့တော့။ စဉ်းစားကြည့်လေ။ တိုင်းပြည်ဖွံ့ဖြိုးဖို့ ဘာမှ မလုပ်နိုင်မှတော့၊ ဘာမှလည်း မဖြစ်လာဘူး။ ပြောရင်လည်း လက်တွေ့မဟုတ်တဲ့ လေပြောပဲဖြစ်မယ်။

ငယ်ငယ်တုန်းက ခြံထဲက သရက်သီးကို အပင်ခွကြားမှာ တက်ထိုင်စားရင်း၊ အဖိုးစိုက်ခဲ့လို့ စားရတာဆိုပြီး ကျေးဇူးတင်လိုက်တာ။ တိုင်းပြည်နဲ့ချီတဲ့ နှစ်ရှည်အစီအမံတွေဟာ ဖဲဝိုင်းမှာ ဖဲသမား ဖဲရိုက်သလို၊ ခုချက်ချင်း အနိုင်အရှုံး ထတွက်လို့ မရဘူး။ ဘယ်သူ၊ ဘယ်အစိုးရမှလည်း ရှုံးတဲ့အလုပ်မျိုး မလုပ်ဘူး။ ခင်ဗျားတို့ကိုယ်တိုင် အစိုးရဖြစ်ရင်လည်း လုပ်မှာ မဟုတ်ဘူး။

အစိုးရလုပ်ရပ်ကို မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ကန့်ကွက်မယ်၊ ဆန္ဒပြမယ်ချည်း တွေ့နေရတာမို့လို၊့ တိုင်းပြည်အကျိုးစီးပွားထိခိုက်နေလို့ ပြောနေရတာပါ။ တိုင်းပြည်စီးပွားရေး မရှိတော့မှ ပြည်သူတွေလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး အစစ ..ငတ်သေရုံပဲ ရှိတော့တယ်။

ကဲ... ပြည်သူတွေငတ်အောင် ဘယ်သူလုပ်မလဲ... ပြော။

ဆန္ဒပြသည်ဟု ဆိုရာဝယ်

ဆန္ဒပြရုံလေးနဲ့ ကုန်ဈေးနှုန်းလည်း ကျသွားမယ်၊ ဆင်းရဲတဲ့သူတွေလည်း နေ့ချင်းညချင်း ချမ်းသာသွားမယ်၊ လယ်သမားတွေလည်း တသက်စားမကုန်တော့ဘူးဆိုရင် ကျနော်လည်း ဆန္ဒပြချင်လိုက်တာ။

ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံး လုပ်ဆောင်ခြင်းဟာ ကိုယ့်နိုင်ငံကို ကိုယ်တည်ဆောက်ခြင်းပါပဲ။ ကိုယ့်လူမျိုးဂုဏ်ကို ကိုယ် မြှင့်တင်ခြင်းပါပဲ။

ကမ္ဘာ့ကုမ္ပဏီကြီးတွေဟာ အလုပ်နည်းနည်းလုပ်ပြီး၊ အခွင့်အရေးများများတောင်းတဲ့ အလုပ်သမားမျိုးရှိတဲ့နိုင်ငံကို မကြိုက်ပါဘူး။ သူတို့ရဲ့အရင်းအနှီးကို ရေခံမြေခံကောင်းတဲ့ အခြေခံကောင်းတဲ့၊ စိတ်ချတည်ငြိမ်တဲ့ဒေသတွေမှာပဲ မြှုပ်နှံထားချင်ကြပါတယ်။

သူတို့ မလာရင်တော့ ကိုယ့်နိုင်ငံက အလုပ်သမားတွေ တခြားနိုင်ငံကို ပိုက်ဆံ အကုန်အကျခံ၊ မိသားစုတွေ ဝေးကွာခံပြီး သွားအလုပ်လုပ်ကြပေတော့။ ကိုယ့်ရဲ့လခထဲမှ အဲဒီနိုင်ငံအတွက် အခွန်တွေ ပေးကြပေတော့။ အဲဒီနိုင်ငံအတွက် အိမ်လခ၊ ရေလခ၊ မီးလခ၊ စားသောက်ဖွယ်ရာများကို ဝယ်ယူအားပေးခြင်းဖြင့် အဲဒီနိုင်ငံအတွက် စီးပွားရေး လည်ပတ်တည်ဆောက်ပေးကြပေတော့။

ကျနော်ထိတွေ့မိသော ထိုင်းဗုဒ္ဓသာသနာ

ကျနော် ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ဝပ်အလန်းထိုင်းဘုန်းကြီးကျောင်းသို့ အလည်ပတ်အနေဖြင့် သွားရောက်နေထိုင်ဖူးခဲ့သည်။

ထိုင်းလူမျိုးများသည် ဘာသာရေး အလွန်ကိုင်းရှိုင်းကြသည်။ ကရင်ပြည်နယ်ရှိ၊ သာမညဆရာတော်ကြီးကို၊ သူတို့ထိုင်းလူမျိုး မဟုတ်သော်လည်း လာရောက်ကိုးကွယ်ဆည်းကပ်ကြသည်ကို ကြည့်ခြင်းဖြင့် သိသာနိုင်ပါသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်လက်မှတ် မရှိစဉ်၊ ကိုရင်ကြီးဘဝဖြင့် နေထိုင်ရာ ထိုင်းလူမျိုးများသည် ဗမာလူမျိုးမှန်းသိသော်လည်း သင်္ဃန်းဝတ်ထားသောကြောင့်၊ လူမျိုးရေး ခွဲခြားမနေပဲ ဦးစားပေးကြသည်။ ထိုင်းလမ်းပေါ်များတွင် သင်္ဃန်းဝတ်ဖြင့် သွားလာနေသောသူများဖြစ်လျှင် ထိုင်းဘုန်းကြီး မဟုတ်တာတော့ သေချာသည်။ မြန်မာနှင့်ထိုင်း သင်္ဃန်းခြင်း အရောင်ကွာသလို၊ သင်္ဃန်းရုံဝတ်ပုံခြင်းလည်း ကွာသည်။

နယ်ခြားစောင့် ထိုင်းပုလိပ်များမှာ မြန်မာပြည်သားများအပေါ်၊ လိမ်မာပါးနပ် လုပ်စားနေတတ်သည့် အပွေးမြင်အပင်သိ ထောက်လှမ်းရေးပုလိပ်များဖြစ်သော်လည်း၊ အရပ်ဝတ်ကိုသာ ဖမ်း၍၊ ဘုန်းကြီးဝတ်ထားသော သူကို (မည်သည့်အခါမျှ) မဖမ်းပါ။

ထိုင်းဘုန်းကြီးများတွင် မျက်ခုံးမွှေး မရှိပါ။ မျက်ခုံးမွှေးကိုပါ ရိတ်ကြပါသည်။ ကျနော်မြင်စက အလွန်အရုပ်ဆိုးလှသည်။ မျက်ခုံးမွှေးပင့်၍ မျက်စပစ်နိုင်သောကြောင့် ဆရာ့ဆရာတော်ကြီးများ ပညတ်ထားခဲ့လေသလားတော့ မသိပါ။

ထိုင်းအမျိုးသမီးများသည် ဘုန်းကြီးကို လှူဒါန်းသည့်အခါ၊ လက်ဖြင့် ပစ္စည်းဝတ္ထုကို ကိုင်၍ မလှူဒါန်းပါ။ သဘက်၊ ပုဝါခံ၍ လှူဒါန်းပါသည်။ ထိုင်းဘုန်းကြီးများ လမ်းပေါ်တွင် လမ်းလျှောက်သည်ကို တခါဖူးမျှ မမြင်ဘူးပါ။ တရားနာဖိတ်လျှင် ကားဖြင့် ဖိတ်သည်။ ပြန်ပို့လျှင်လည်း ကားဖြင့် ပြန်ပို့သည်။

ရပ်ကွက်များမှ အလှည့်ကျဖြစ်စေ၊ ထိုင်းသူဌေးများက အလှည့်ကျ တာဝန်ယူ၍ ဖြစ်စေ ဘုန်းကြီးကျောင်းကို ဆွမ်းဟင်း မပြတ်စေပါ။ တနှစ်တခါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်သာ ဆွမ်းခံကြွသည်ကို တွေ့ရသည်။ ဘုန်းကြီးကျောင်းသင် ပညာရေးလည်း ရှိသလို၊ နာရေးဖြစ်လာလျှင် သရဏဂုံတင်ရန် ဘုန်းကြီးကျောင်းဝန်းထဲမှာပင် အသုဘရှုဇရပ်ထားရှိသည်။

ထိုင်းတွင် ကျနော်နေထိုင်စဉ်အတွင်း အာဏာလွန်ဆွဲပွဲများ ကြမ်းတမ်းစွာ တွေ့ရသည်။ ဒီမိုကရေစီနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ထောက်ခံသော အကျီအနီဝတ်နှင့် ထိုင်းဘုရင်မင်းမြတ်ကို ကြည်ညိုသော အကျီအဝါဝတ်တို့အကြား ဖြစ်ပွားသောပွဲမှာ ပြင်းထန်ရှု့ပ်ထွေးလှသည်။ ထိုလောကီများကြားတွင် ထိုင်းဘုန်းကြီးများ တပါးမျှ မပါ။ ထို့ကြောင့်လည်း ဆန့်ကျင်ဘက် ၂ဖက်စလုံးမှ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ဘုရင့်အမှုတော်ထမ်းများကလည်း ထိုင်းဘုန်းကြီးများကို အကြည်ညိုမပျက်ကြပါ။

ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ရှမ်းမတဦးကို ကျနော်မေးကြည့်သည်။ ထိုစဉ်က ကျနော်သည် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဖြင့် ထိုင်းကို ထွက်ပြေးခဲ့ရသူဖြစ်ကာ၊ ကိုယ်တိုင်လည်း ထိုစဉ်က သင်္ဃန်းဝတ်ဖြစ်နေသောကြောင့် စိတ်အားထက်သန်စွာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သူက ထိုင်းလူမျိုးများက ထိုင်းဘုန်းကြီးများကို ဗုဒ္ဓသာသနာကို ထိန်းသိမ်းစောင့်ရှောက်သည့်ပုဂ္ဂိုလ်များ၊ တရားပြပေးသည့် ပုဂ္ဂိုလ်များ၊ အိမ်ထောင်မပြုပဲ သာသနာပြုသည့် တရားရှာသည့်ပုဂ္ဂိုလ်များ၊ လောကီရေးရာများနှင့် ကင်းစွာ နေထိုင်သည့် အရောင်စွန်းထင်းမှုမရှိသည့် သူတော်စင်ပုဂ္ဂိုလ်များအဖြစ်၊ ဘုန်းကြီးများကို ရိုသေလေးစားကိုးကွယ်ကြပြီး၊ ထိုင်းဘုန်းကြီးများကလည်း သာသနာအလုပ်မှလွဲ၍၊ ဝိဝါဒကွဲပြားသော လောကီရေးရာများတွင်၊ သာသနာကို အကြည်ညိုပျက်စေမည့် ကိစ္စမျိုးဖြစ်၍ ဝင်မစွက်ကြပဲ ရှောင်ကြသည်ဟု ဆိုသည်။

ဤသည်မှာ ကျနော်နှင့် ထိတွေ့မိသော ထိုင်းဗုဒ္ဓသာသနာအကြောင်း ဖြစ်ပါသည်။