Tuesday, September 16, 2008

မြန်မာစစ်အစိုးရအား ဘတ်သန်း (၄,၀၀၀) ချေးသည့်အမှုအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ဒုတိယအကြိမ် ဖမ်းဝရမ်းထုတ်

Bangkok Post/The Nations/ Agencies/ ၁၆ စက်တင်ဘာ ၂၀၀၈။ ။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်သည် ၎င်းအာဏာရှိစဉ်က ထိုင်းသွင်းကုန်ထုတ်ကုန်ဘဏ် Exim Bank မှ တဆင့် မြန်မာစစ်အစိုးရသို့ ဘတ်ငွေ သန်း (၄,၀၀၀) ချေးခဲ့ခြင်းနှင့် ပတ်သက်၍ ထိုင်းတရားရုံးချုပ်က ပထမဆုံးအကြိမ် ကြားနာမှုတရပ်ကို ယနေ့ပြုလုပ်ပြီး မစ္စတာတပ်ဆင်အား အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ဖမ်းဝရမ်းထုတ်ခဲ့သည်။ကြားနာမှုကို ယနေ့နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိသော မစ္စတာ တပ်ဆင်မှာမူ တက်ရောက်နိုင်ခြင်းမရှိပေ။ထိုင်းစစ်အစိုးရ ဖွဲ့စည်းခဲ့သည့် ပိုင်ဆိုင်မှု စိစစ်ရေးကော်မတီ (အေအက်စ်စီ) ၏ အဆိုအရ မြန်မာအစိုးရက ၎င်း၏ ဆက်သွယ်ရေးနည်းစနစ်များ ဖွံ့ဖြိုးမှုအတွက် အသုံးပြုရန် အဆိုပါချေးငွေကို ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရကလည်း ဆက်သွယ်ရေးပစ္စည်းများကို မစ္စတာတပ်ဆင် မိသားစုဝင်များ၏ ရှယ်ယာအများစု ပါဝင်သော ရှင်ကော်ပိုရေးရှင်းကုမ္ပဏီ၏ အဖွဲ့ခွဲဖြစ်သည့် ရှင်းဂြိုဟ်တုကုမ္ပဏီမှ ၀ယ်ယူရန် မျှော်လင့်ခဲ့သည်။ဝန်ကြီးချုပ်ဟောင်း တပ်ဆင်သည် ၎င်းအာဏာရှိစဉ်က အာဏာအလွဲသုံး၍ ထိုင်းသွင်းကုန်ထုတ်ကုန်ဘဏ်မှ ဘတ်ငွေ သန်း (၄,၀၀၀) ကို မြန်မာအစိုးရသို့ ချေးခဲ့ရာတွင် မြန်မာအစိုးရက အဆိုပါချေးငွေဖြင့် ၎င်း၏ မိသားစုပိုင်ကုမ္ပဏီများမှ ဆက်သွယ်ရေးပစ္စည်းများ ၀ယ်ယူရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ခဲ့သည်ဟု စွပ်စွဲခံ ထားရခြင်းဖြစ်သည်။ဗိုလ်ချုပ်ကြီးခင်ညွန့်မပြုတ်မီ (၅) လအလိုတွင် မြန်မာစစ်အစိုးရပိုင် MFTB ခေါ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ကို ထိုင်း EXIM ဘဏ်မှ ဘတ်ငွေ သန်း (၄,၀၀၀) အား အတိုး (၃) ရာနှုန်းဖြင့် (၁၂) နှစ်အတွင်း ပြန်ပေးရမည်ဆို သည့်စာချုပ်ဖြင့် ချေးခဲ့ခြင်းဖြစ်သည်။မြန်မာစစ်အစိုးရအား ဘတ်ငွေ သန်း (၄,၀၀၀) ချေးသည့်အတွက် ထိုင်းစက်မှုပစ္စည်း ပို့ကုန်လုပ်ငန်းကုမ္ပဏီများ၊ ထိုင်းဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာများ၊ ထိုင်းရေနံဓာတုထုတ်လုပ်သည့် ကုမ္ပဏီများအတွက် ၀င်ငွေရ စေမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရလာရန် အထောက်အကူဖြစ်ကြောင်း ထိုင်း EXIM ဘဏ်၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။မြန်မာစစ်အစိုးရအား ထိုင်းအစိုးရက ချေးသည့် ဘတ် (၄,၀၀၀) ထဲမှ ဘတ် သန်း (၆၀၀) ကို မြန်မာနိုင်ငံတွင် အင်တာနက်အမြန်စနစ် တပ်ဆင်ပေးရန် မစ္စတာ တပ်ဆင်ပိုင် ရှင်းကော်ပိုရေးရှင်းက ရခဲ့သည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်မပြုတ်ခင်က ဗိုလ်ချုပ်ကြီးခင်ညွန့်သားပိုင်သည့် ပုဂံဆိုင်ဘာတက်ကုမ္ပဏီအတွက် ဂြိုဟ်တုဆက်သွယ်ရေး လုပ်ငန်းများတွင် မစ္စတာတပ်ဆင်ပိုင် ရှင်းကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း The National သတင်းစာက ရေးခဲ့သည်။ မြန်မာစစ်အစိုးရ၏ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက မစ္စတာ တပ်ဆင်ပိုင် ရှင်းကော်ပိုရေးရှင်းကို ဂြိုဟ်တုစနစ်သုံး အင်တာနက်အမြန်စနစ် တပ်ဆင်ပေးရန် ရွေးချယ်ခဲ့သည်။

No comments: