Friday, October 24, 2008

တရုတ်နှင့် ကုန်သွယ်မှု တရှိန်ထိုးတက်နေ


Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ အောက်တိုဘာလ 24 2008 16:35 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့ အရေးယူခံထားရသော မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပမာဏမှာ သုံးနှစ်အတွင်း ၆၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာခဲ့သည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသည်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်သော တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခြင်းကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

သူက တရုတ်နှင့် မြန်မာကုန်သွယ်ရေးမှာ ၂၀၀၇-၂၀၀၈ တွင် ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံဖိုး ရှိရာ မြန်မာနှင့် ပြည်ပနိုင်ငံများ၏ ကုန်သွယ်မှုပမာဏ အားလုံး၏ ၂၅ ရာခိုင်နှုန်းနီးပါးရှိပြီး၊ တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ စတုတ္တမြောက် အများဆုံး ဖြစ်သည်ဟု ဆိုသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်၊ စက်မှု၊ သတ္တုတို့တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်နေခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံများ အားလုံးပေါင်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ပထမဖြစ်ပြီး ဥရောပသမဂ္ဂ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံထားမှုက ဒုတိယဖြစ်သည်။ အခြားသော အာရှနိုင်ငံများက တတိယနေရာတွင် ရှိသည်။

၂၀၀၅-၂၀၀၆ ခုနှစ်က မြန်မာနှင့် တရုတ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံသာ ရှိခဲ့သည်။

သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သွေးမြေကျနှိမ်နင်းခဲ့၍ ၀ါရှင်တန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှုများ အသစ်တဖန် ပြန်တိုးကာ မြန်မာစစ်အစိုးရကို အပြစ်ပေးခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်တွင်ခဲ့သည့် ဆန္ဒပြမှုများကို ပစ်ခတ်နှိမ်နင်း၍ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ရသည်။

ပိတ်ဆို့မှုများတွင် မြန်မာနိုင်ငံမှ တင်သွင်းသော ပစ္စည်းများ ပိတ်ပင်မှု၊ သွားရောက် ရင်းနှီးမြှုပ်နှံခြင်းများ ပိတ်ပင်မှုတို့လည်း ပါဝင်သည်။

No comments: