24 March 2009 | |
မစ္စတာ ကင်တားနား (မတ်လ ၂၀၀၉) |
24 March 2009 | |
မစ္စတာ ကင်တားနား (မတ်လ ၂၀၀၉) |
ကိုဝိုင်း |
ကြာသပတေးနေ့၊ မတ်လ 26 2009 17:42 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ အနာဂတ်မြန်မာပြည်ကို စုပေါင်းဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရန် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ဒီမိုကရေစီအင်အားစုများနှင့် နိုင်ငံတကာ မိသားစုတို့၏ အလေးအနက် တောင်းဆိုချက်ဖြစ်သော အားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းတရပ် ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ထုတ်ပြန်ချက် စာအမှတ် ၁/၂ဝဝ၉ (၈၈) တွင် ဖော်ပြထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် တပ်မတော်နှင့်အတူ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပြည်သူတရပ်လုံးက ညီညွတ်စွာ လက်တွဲခဲ့ပြီး နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တော်လှန်၍ လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အသိမှတ်ပြုရန်မှာ အရေးကြီးကြောင်းလည်း ဆိုထားသည်။ ထို့အပြင် နအဖ စစ်အစိုးရက တဖက်သတ် ပြဋ္ဌာန်းအတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံထားခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။ “အဓိကက အားလုံးစည်းလုံးညီညွတ်မှုပေါ့ဗျာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အရေးကြီးတယ်လေ။ တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် ဒီ တိုင်းပြည်ရဲ့ အသက်ဖြစ်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံ) မှာ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒါ မဖြစ်သင့်ဘူး။ ဒါကြောင့် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဒီကွန်စတီကျူးရှင်းကိုလည်း ပြန်သုံးသပ်ဖို့ တောင်းဆိုထားတာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။ ယခုတောင်းဆိုချက်များသည် တိုင်းရင်းသားများနှင့် ဒီမိုကရေစီ နိုင်ငံရေးအင်အားစုအားလုံး၏ တောင်းဆိုချက်ပင်ဖြစ်၍ နအဖ က လက်ခံဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းသားစည်းလုံးညီညွတ်မှုများ ပြိုကွဲကာ တိုင်းပြည်၏ အနာဂတ် ပျက်သုန်းရန်သာရှိပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံဖြိုးတိုးတက်သည့် နိုင်ငံတော်သို့ ချီတက်ရန်လည်း မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က အလေးအနက်ထား၍ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ပြန်လည်သုံးသပ်ရေးအတွက် ကော်မတီဖွဲ့ပေးရန် အန်အယ်ဒီပါတီ အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများကလည်း စစ်အစိုးရထံ အကြိမ်ကြိမ် ထုတ်ပြန်တောင်းဆိုနေသည်။ သို့သော် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသည်သာမက သံဃာတော်များ၊ အန်အယ်ဒီ ပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်သားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နယ်ထောင်များသို့ ရွှေ့ပြောင်းခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ |
ငြိမ်းချမ်း |
အင်္ဂါနေ့၊ မတ်လ 24 2009 14:33 - မြန်မာစံတော်ချိန် |
ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား နှစ်ဦးထံ ထောင်ဝင်စာ သွားတွေ့ရာ ထောင်မှူးကို ငွေပေးမှသာ အချိန်ကြာကြာနှင့် လွတ်လပ်စွာ တွေ့ခွင့်ရကြောင်း သက်ဆိုင်သူ ဆွေမျိုးများက မဇ္ဈိမကို ပြောသည်။ ထောင်ဒဏ် ၂ နှစ် ကျခံနေရသော ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လှုပ်ရှားတက်ကြွသူ မနီနီနွယ်မြင့်နှင့် ကိုချစ်မောင်မောင် ကို မိခင်များက ပြီးခဲ့သည့်လအတွင်း ထောင်ဝင်စာ သွားတွေ့ရာ ဘူးသီးတောင်ထောင်မှူး ဦးတင်ထွန်းကို ငွေကျပ် ၅ သောင်း လာဘ်ထိုးခဲ့ရခြင်း ဖြစ်သည်။ “ငွေမပေးတုန်းက အထက်ကလူကြီး လာစရာရှိလို့ အိမ်ထောင်စုစာရင်း ပါလား၊ ရပ်ကွက်ထောက်ခံစာ ပါလားဆိုပြီး ဟိုမေးဒီမေးနဲ့ တပတ်လောက် တွေ့ခွင့်မပေးဘဲ ပြန်လွှတ်တယ်။ ရက်ကြာလာတော့ မခံနိုင်တာနဲ့ ထောင်ဝန်ထမ်း တယောက်ကို အကျိုးအကြောင်းပြောပြီး ငွေပေးလိုက်တော့မှ နီနီမေမြင့်၊ ချစ်မောင်မောင်တို့နဲ့ ထောင်ဗူးဝမှာ ၃ နာရီလောက် စကားပြောခွင့် ရခဲ့တယ်” ဟု မနီနီမေမြင့်နှင့် ဆွေမျိုးတော်စပ်သူ တောင်ကုတ်မြို့ခံက ပြောသည်။ မနီနီမေမြင့်၏ မိခင် ဒေါ်မြဦးနှင့် ကိုချစ်မောင်မောင်၏ မိခင် ဒေါ်မခင်မြင့်သည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့က တောင်ကုတ်မှ ဘူးသီးတောင်သို့ ထွက်သွားသော်လည်း ၂၈ ရက်နေ့မှသာ တွေ့ခွင့်ရပြီး၊ ယခုလ ၂ ရက်နေ့ကျမှ နေအိမ်များသို့ ပြန်ရောက်ခဲ့ကြသည်။ ဘူးသီးတောင်သို့ မလိခ သင်္ဘောဖြင့် သွားရာ တဦးလျှင် အသွားအပြန်စရိတ် ကျပ် ၆ သောင်း၊ စားစရိတ်နှင့် တည်းခိုခန်းခ ၂ သောင်းကျော်၊ သမီးများအတွက် ငွေကြေး၊ ဆေးဝါး၊ အစားအသောက်နှင့် ထောင်မှူးအတွက် လာဘ်ငွေနှင့်ဆိုပါက တခေါက်လျှင် ကျပ် ၄ သိန်းခန့် လိုအပ်ကြောင်း ကိုချစ်မောင်မောင်၏ ဆွေမျိုးတဦးက ဆိုသည်။ ထောင်ဝင်စာတွေ့စဉ် အကျဉ်းဦးစီး အရာထမ်းက စောင့်ကြည့်နေသဖြင့် ထောင်အတွင်းမှ အခြားအနေများကို သိခွင့် မရသော်လည်း၊ အကျဉ်းသူ သမီးများသို့ ငွေနှင့် ဆေးဝါးများ ပေးသွင်းခွင့်ရကြောင်းနှင့် နှစ်ဦးစလုံး၏ ကျမ္မာရေး ကောင်းမွန်ကြောင်း သိရသည်။ သူတို့နှစ်ဦးကို သီးသန့်ဆောင်များတွင် ထားရှိသည်။ အမည်မဖော်လိုသူ ထောင်ဝန်ထမ်းတဦးက “ဘူးသီးတောင်ထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝင်စာတွေ့ရမယ့် ရက်ကို သတ်မှတ်ထားတာ မရှိပါဘူး။ အစိုးရ ရုံးပိတ်ရက်က လွဲပြီးတော့ ကျန်တဲ့နေ့တွေမှာ နေ့စဉ် ထောင်ဝင်စာ လာတွေ့ခွင့် ရှိပါတယ်” ဟု ပြောသည်။ ရိုးရိုးတန်း (သံဇကာခြား) နှင့် အထူးတန်း (သံဇကာမရှိ) တွေ့လိုပါက နိုင်ငံရေးအကျဉ်းသား တဦးအတွက် ကျပ်ငွေ ၂ဝဝဝ မှ ၅ဝဝဝ အထိ ပေးဆောင်ရမှုများ ရှိနေကြောင်း သူက ပြောဆိုသော်လည်း၊ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ လှုပ်ရှားတက်ကြွသူ နှစ်ဦးသည် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်းက တောင်ကုတ်-ရန်ကုန်ကားလမ်း၊ တောင်ကုတ်-သံတွဲကားလမ်းနှင့် မြို့ပေါ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေခဲ့ကြသည်။ လှုပ်ရှားမှုအပြီး အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု - ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တောင်ကုတ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ကို ဘူးသီးတောင်ထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ အဆိုပါ ထောင်ထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ဝ ခန့်ရှိကြောင်း ထောင်ဝန်ထမ်းက ဆိုသည်။ |
လင်းနွေးအိမ်
မတ် ၁၉၊ ၂၀၀၉ Linn Nwe Eain - The Courage Food for Political Prisoner
၊ ၁ ၊
သရဏဂုံသုံးပါးကို နေ့စဉ်ရွတ်ဖို့ ကျနော် ပျက်ကွက်ရင် ပျက်ကွက်နေလိမ့်မယ်၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကိုတော့ တနေ့ သုံး၊ လေးခါ ရွတ်ဖြစ်နေပါတယ်။ ဘာလို့လဲဆို သရဏဂုံသုံးပါး ရွတ်ရတာက ကိုယ့်အတွက်ကိုယ်သာ ရွတ်ရတာလို့ ယုံကြည်ပြီး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကတော့ မေတ္တာဘာဝနာ ပွားနည်း တမျိုးလို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်။ မြန်မာပြည်က ၇ ရက် သားသမီးတွေ နိစ္စဓူဝ ကိစ္စတွေ ပြေလည်ဖို့ ကြိုးပမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးအကျဉ်းသား ဖြစ်သွားရသူတွေ မို့လို့လဲ ကျနော်က ဒီလို ယုံကြည်ထားတာပါ။
၊ ၂ ၊
နောက်ကြောတွေ
နောက်ကြောတွေဟာ ဥပက္ခာပြုရက်ကြ။ ငါ့မှာကျန်ရစ်ခဲ့တာက
ငါ့ဖေဖေ၊ မေမေရယ်
ညီလေး၊ ညီမလေးတွေ
နောက်
ရင်ခုန်သံအနီးကြီးနီးသူတချို့။ တချို့က မှုံဝါးဝါး လက်ပြ
သတိယနေ ဆိုသတဲ့
ကိုယ်ချင်းစာမိ ဆိုသတဲ့။
လူတယောက် နိုင်ငံရေးကြောင့် ထောင်ကျသွားပြီဆိုရင် အပြင်က မိတ်ဆွေတွေက သူ့ကို အားပေးဖို့ မေ့သွားတတ်ကြသလို၊ တချို့က ကြောက်တတ်သွားကြပါတယ်။ သူနဲ့ သွားပတ်သက်မိရင် ငါ့ကိုများ အာဏာပိုင်တွေက စောင့်ကြည့်လေမလား၊ ညှိုးတေးလေမလား ပေါ့။ အားပေးသူ နည်းနည်းလေးကတောင် နှစ်ရှည်လများ ကြာလာတော့ အားပေးစကား ပြောဖို့ ပျက်ကွက်လာတတ်ကြပါတယ်။ လူတယောက် ထောင်ကျပြီဆိုရင် ဘယ်နေရာရောက်နေနေ တောက်လျှောက် နောက်ကနေ လိုက်တာက မိသားစုပါပဲ။ ထောင်ထဲက လူကလဲ မိသားစုထောင်ဝင်စာကို မျှော်ရတာပေါ့။ နောက်တော့ ဘယ်သူကများ ကိုယ့်ကို တခုတ်တရ သတင်းမေးလေမလဲပေါ့။ တယောက်ယောက်က သတိရတယ်၊ ကျန်းမာရေး ဂရုစိုက်ပါ ဆိုတဲ့ စကားလေးများ ပါးလိုက်ရင် ကြည်နူးလို့။ အဲဒီလို အားပေးစကား မကြားရတော့လဲ သြော် သူတို့ဘဝတွေနဲ့ သူတို့ ရုန်းကန်နေရလို့ပါလေ ဆိုတဲ့ အတွေးနဲ့ အပြင်ကလူတွေကိုပဲ သနားပြီး ဖြေတွေးရပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခန်းထဲကနေ လှမ်းကြည့်လိုက်တော့ ပြုံးပြနေမယ့် မျက်နှာချင်းဆိုင် မျက်နှာတွေထက်၊ တဘက်လှည့်ထားတဲ့ နောက်ကြောတွေကိုပဲ ပိုလို့ တွေ့တွေ့လာရသလို ခံစားရတာ၊ ဒါ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တုန်ခါနေတဲ့ နှလုံးအိမ်ပါ။ ဒီလိုလူတွေအတွက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အသံ စကြာဝဠာတခွင်လုံး ကြားအောင် အော်ပေးနိုင်လေလေ၊ သူတို့ကို အားဆေးတိုက်ရာ ရောက်လေလေပါ။ သူတို့ အားတက်လေလေ ကျနော်တို့ လူ့အဖွဲ့အစည်း လွတ်မြောက် ငြိမ်းချမ်းဖို့ ခရီး နီးလေ လေပါ။ ဒါထက်ပိုပြီးပြောရရင် နိုင်ငံရေးအကျဉ်းသား အားလုံး ကျန်းမာပါစေလို့ စစ်အုပ်စု ကြားအောင် အော်ပေးလေ၊ စစ်ခေါင်းဆောင်တွေ စိတ်ကစင့်ကလျားဖြစ်လေပဲ။ မယုံဘူးလား။ မယုံရင် လုပ်ကြည့်လိုက်။
၊ ၃ ၊
အဲသမှာ ငုဝါတွေ
နွေကိုအံတုနေလိုက်ကြပုံများ
ကြိုးဝိုင်းထဲက လက်ဝှေ့သမားလို။ ကျနော်တို့နေခဲ့ရတဲ့ အင်းစိန် သီးသန့်ထောင် တိုက်အမှတ် ၁ ရဲ့ အရှေ့ဘက်ခြမ်းကနေ ကြည့်လိုက်ရင် ထောင်အုတ်ရိုးတန်းရဲ့ အပြင်ဘက်မှာ ငုဝါပင်တွေ လှမ်းတွေ့နေရတယ်။ ဒီလို နွေပူပူရောက်လာရင် ငုဝါတွေကလဲ အလုအယက် တိုးထွက်ခဲ့ကြပုံတွေ တွေ့နေရတာ ပေါ့။ မြန်မာပြည်ရဲ့နွေ ဆိုတာ လွှတ်ပူတတ်တာမျိုး။ ငုဝါ ဆိုတာလဲ နုပြီး ဝါရည်လုနေပေမယ့် အပူကို အံတုနိုင်တဲ့ ပန်းတမျိုး။ သူ့အရောင်ကလဲ အေးမြတယ်။ ဒီလိုဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ငုဝါလို့ဆိုမယ်။ ဘယ်သူငြင်းချက်ထုတ်မလဲ။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ကျနော်တို့ခေတ်မှာ တကယ်တော့ စာသင်ခန်းတွေ စာအုပ်ပုံတွေထဲက ထွက်လာတာ များတယ်။ ဘယ်သူ့ကြည့်ကြည့် နုဖတ်ဖတ်နဲ့ အပြင်ပန်းက။ ဒါပေမယ့် အတွင်းထဲမှာ သံမဏိကြိုးတွေနဲ့ ယှက်နွယ်ထားတဲ့ နှလုံးသားတစုံရှိတယ်။ ကဗျာတွေရေးတယ်၊ စာတွေရေးတယ်၊ သီချင်းတွေရေးတယ်၊ သိုးမွှေးချည်နဲ့ ပန်းချီတွေ ရေးကြတယ်။ အုန်းမှုတ်ခွက်ကို ပန်းပုထုကြတယ်။ ဆပ်ပြာကို ပန်းပုထုကြတယ်။ လောကကြီးကိုလဲ ပန်းပုထုကြတယ်။ ပြီးတော့ ကော်ဖီခါးခါး ကြိုက်ကြတယ်။ တဘက်မှာတော့ စစ်သေနတ်တွေနဲ့ ကျည်ဆန်ကို အရည်ကြိုပြီး ကနုတ်ပန်းလုပ်ဖို့ ကြံစည်နေကြတယ်။ မယုံကြည်ရင် ထောင်ထဲသွားကြည့်လိုက်လို့ပဲ ပြောမယ်။
၊ ၄ ၊
လုံအိုးထဲမှာ
ဓာတ်ပြာတွေ၊ ဒြပ်စင်တွေ ရွှေလား
ငွေလား
သိဒ္ဓိပေါက် ဓာတ်လုံးလား။ နိုင်ငံရေး အကျဉ်းသားတွေ နေရတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးတွေဟာ ဓာတ်လုံးရဖို့ ဖိုထိုးတဲ့ အခါသုံးတဲ့ လုံအိုးလေးတခုလိုပါပဲ။ နေရတာ ကျဉ်းကြပ်ရတဲ့ထဲ အောက်ကလဲ အပူနဲ့တိုက် နေသလိုပေါ့။ အပြင်က ထောင်ဝါဒါတွေ အပူတိုက်နေတဲ့အပြင်၊ အတွင်းရင်ထဲမှာလဲ အပူတွေချည်းပဲလေ။ ဒါပေမယ့် တန်ဖိုးတရားတွေတော့ လုံအိုးထဲမှာ ရှိနေတယ်။ သံမဏိကောင်းရဖို့ ဆေးသားတင်သလိုပေါ့။ ဘယ်လောက်တောင် ဆေးသားတင်ရသလဲဆို ကျနော့် အတွေ့အကြုံတခု ပြောမယ်။ ၁၉၉၈ ခုနှစ် မေလ၊ စိန်ပန်းတွေ ရဲရဲတောက် ပွင့်ကာစပေါ့။ အပြင်မှာ ၈ လေးလုံး ဆယ်နှစ်ပြည့် စိန်ခေါ်သံတွေနဲ့အတူ ကျနော်တို့ကိုလဲ သံခြေကျင်းတွေ ခတ်ပြီး အင်းစိန်ကနေ ဟိုးအထက် မြန်မာပြည်က ထောင်တွေဆီ ပို့တော့တယ်။ ထောင်ထဲမှာ ၆ နှစ်လောက် နေပြီးသား ဆိုတော့ ထောင့်အပြင် တန်း မကြောက်တော့တဲ့ အချိန်။ ကျနော်တို့ ထောင်ပြောင်းလိုက်တဲ့ခရီးမှာ စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ၊ ဗကပ ယူဂျီခေါင်းဆောင် ဦးတင်အောင်၊ ကိုချိုအောင်သန်း၊ ဦးမြင့်ဆွေ အဲဒီလို ပုဂ္ဂိုလ်တွေ ပါသလို ကျနော်တို့လို ကျောင်းသားလေးတွေလဲ ပါတယ်။ အားလုံး ၅၉ ယောက်။ နောက်တော့ တောင်ငူထောင် က ကိုသီဟနဲ့ မောင်မှိုင်း ထည့်လိုက်တော့ ၆၁ ယောက်ဖြစ် သွားတယ်။ ရထားတွဲက နှစ်တွဲ။ အဲဒီထဲမှာ ကိုဆက်အောင်နိုင်၊ ကိုနေလင်းစိုးတို့လို နောက်တကြိမ် အသစ်စက်စက် ထောင်ကျပြီးခါစ လူတွေလဲ ပါတယ်။ သူတို့ဆို အဝတ်တထည် ကိုယ်တခု။ ကျနော်တို့ကတော့ ထောင်ဆွေး လူဆွေး ဖြစ်နေပြီဆိုတော့ အသုံးအဆောင် အဟောင်းအမျင်း တချို့ ပါတယ်။ နောက်တော့ ဘဝတူ ရဲဘော်တွေကို ရထားထဲမှာပဲ ပစ္စည်းတချို့ ခွဲပေးလိုက်တယ်။ လမ်းတလျှောက်မှာလဲ ပြည်သူတွေက အတော်လေး ကူညီကြပါတယ်။ ရေတိုက်တဲ့လူက တိုက်၊ ဆေးလိပ်ပေးတဲ့လူက ပေး၊ သရက်သီးကျွေးတဲ့လူက ကျွေးနဲ့။ ကျနော်တို့ အားတက်လိုက်တာများ။ ဒီပုံမျိုးနဲ့ဆိုရင် ထောင်ထဲမှာ နောက်ထပ် နှစ်ပေါင်းများစွာ နေနိုင်တဲ့အထိ အားရှိသွားတယ်။ အစောင့်လိုက်လာတဲ့ ရဲတွေနဲ့ ဝါဒါတွေကတော့ အမှတ်တွေပေးနေတယ်။ နေနှင့်ဦးပေါ့။ ထောင်ရောက်တော့မှ သိမယ် တဲ့။ သူတို့ မျက်လုံးတွေကို ဖတ်ကြည့်လိုက်တော့ တွေ့ရတာကို ပြောတာ။ သူတို့တွေ တကယ် ကြိမ်းထားတယ် ဆိုတာ နောက်တော့လဲ ထောင်အဝင်မှာ တွေ့ရပါတယ်။ ဒီလိုနဲ့ ရန်ကုန်အင်းစိန်ထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ တဆင့် မြင်းခြံ၊ ကလေး၊ မြစ်ကြီးနားထောင်တွေကို အသီးသီး ခွဲပြီး ပို့တယ်။ ဦးခင်မောင်ဆွေ၊ ရွှေတောင်က ကျောင်းဆရာကြီး အဘ ဦးအုန်းကျော်၊ ဦးမြင့်ဆွေ၊ ကိုဆက်အောင်နိုင်၊ မောင်မှိုင်း၊ သံချောင်း၊ အောင်စွမ်၊ ကျနော်၊ ကျနော့်အမှုတွဲ ကိုကျော်သိုက် အပါအဝင် အားလုံး ၁၇ ယောက်က မြင်းခြံထောင်ကို အပို့ခံရတယ်။ ခြေထောက်တွေမှာလဲ ခြေကျင်းဒဏ်ရာတွေနဲ့ပေါ့။ ဒီနေရာမှာ ထပ်ပြောစရာ တခုရှိသေးတယ်။ မန္တလေးထောင်ကနေ မြင်းခြံထောင်ကို ပြောင်းတော့ အချုပ်ကား အပြာရောင်နဲ့။ ရှေ့နောက် လက်နက်ကိုင် ရဲကားနှစ်စီး ခြံရံလို့ပေါ့။ ရာသီဥတုကလဲ အဲဒီနှစ်က အပူလှိုင်းဖြတ်တဲ့ မေလ။ မိုင် ၉ဝ ကျော် ခရီး ဆိုတော့ မြန်မာပြည်က ကားတွေရဲ့ အိုမင်းမစွမ်းတဲ့အတိုင်း လမ်းမှာ ခဏ နားရတယ်။ ညောင်ပင်သာရွာ တဲ့။ ကျနော်တို့ကို ခေါ်လာတဲ့ အချုပ်ကား ရပ်တယ် ဆိုရင်ပဲ ဈေးရောင်းတဲ့ ကလေးတွေက ကားနားမှာ ဈေးလာရောင်းကြတယ်။ ကျနော်က သူတို့ကို ကြည့်ပြီး ခဏတော့ တွေနေတယ်။ နောက်တော့ ချက်ချင်းဆိုသလိုပဲ ကျနော်က ညီမလေးတို့ တခြားမှာ သွားရောင်းပါလား၊ အကိုတို့မှာ ဝယ်စားဖို့ ပိုက်ဆံ မပါပါဘူး၊ အကိုတို့က ကျောင်းသားတွေပါလို့ ပြောလိုက်တယ်။ အဲ - မကြာပါဘူး သူတို့တွေ လိုက်ပြောလိုက်တာ အနီးအပါးက လူတွေ အကုန် သိသွားပြီး ချက်ချင်း ဝိုင်းအုံလာတယ်။ ပြီးတော့ ကျနော်တို့ကို စားစရာတွေ ပေးတော့တာ ပါပဲ။ တချို့ဆို ဘုန်းကြီး ဆွမ်းကပ်သလို ဖိနပ်ပါ ချွတ်လိုက်ကြသေးတယ်။ ကျနော်ဖြင့် အားနာလိုက်တာ အဲဒီ ဦးလေးကြီးတွေကို။ အဒေါ်ကြီးတွေလဲ လာအားပေးတယ်။ ဒီထက်ပိုပြောရရင် စောစောက ဈေးလာရောင်းတဲ့ ကလေးတွေက သူတို့ဈေးဗန်းလေးတွေထဲက အသီးထုတ်ကလေးတွေ ပေးကြတယ်။ ဘာအသီးလေးတွေလဲ မေးကြည့်တော့ သစ်ချိုသီး တဲ့။ ကျနော့် ဘဝမှာ စားဖူးသမျှ အသီးတွေထဲမှာ အချိုဆုံးပဲ။ နောက်လဲ ဒီထက် ချိုတဲ့အသီး တွေ့ဖူးမယ် မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ မေတ္တာတွေကြောင့်။ ဒါကြောင့် ထောင်ထဲက မေတ္တာရှင်တွေကို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့ သစ်ချိုသီး ကျွေးဖို့ လိုတယ်။ ချုပ်ပြောရင် အဲဒီခရီးမှာ မြင်းခြံထောင်ရောက်တော့ စစ်အုပ်စုရဲ့ လက်ပါးစေတွေက ထုံးစံအတိုင်း ခေါင်းတခုလုံးကို ပုဆိုးနဲ့ထုတ်ပြီး၊ တုတ်တွေနဲ့ ဝိုင်းရိုက် ခေါ်သွားတော့တာပဲ။ တိုက်ခန်းကျဉ်းကျဉ်းတွေဆီကို။ နောက်ရက်တွေမှာလဲ တပတ်လောက် ဆက်တိုက် ပြင်းပြင်း ထန်ထန် ရိုက်တယ်။ ဖိနှိပ်တယ်။ ဒါပေမယ့် ကျနော်တို့က ညောင်ပင်ရွာက ကလေးတွေရဲ့ သစ်ချိုသီးစားပြီး အားရှိနေပြီလေ။ စစ်အုပ်စု ဒီနေရာမှာလဲ အရှုံးပေါ်သွားတယ်။
၊ ၅ ၊
မီးနေသည်ခိုတကောင်
ကိုယ်ငွေ့တွေလွှတ်ထုတ်နေရတာ
အစာရှာချိန်များ အံချော် အိပ်မက်ထဲပြေးမရနိုင်တဲ့အဖြစ်မျိုး
ရိုးတိုးရိတ်တိတ် သစ္စာ ဘယ်မလဲ သူနဲ့လက်ထပ်ဖိတ်စာ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ခွင့်ပြုပါ။ မြင်းခြံထောင်မှာ တနှစ်ကျော်ကျော်လောက် ဘယ်သူနဲ့မှ စကားမပြောရဘဲ တယောက်တည်း တိုက်ခန်းထဲမှာ နေရတယ်။ အဲတော့ စကားပြောဖော်တွေက မြေကြီး၊ ကောင်းကင်၊ နံရံနဲ့ ကျေးငှက်တွေပဲ။ အဲဒီထဲမှာ အခန်းနောက်ဖက်က လေဝင်ပေါက်မှာ လာနေတဲ့ ခိုတွေလဲ ပါတယ်။ ခိုတွေ အဲဒီအပေါက်မှာ အသိုက်ဆောက်တယ်။ ဥ အုတယ်။ သားဖွားတယ်။ သူတို့ သားဖွားရက် အစ အဆုံး ကြည့်ဖြစ်တော့ အကောင်ပေါက်ဖို့ဝပ်ရတဲ့ ခိုတကောင်ရဲ့ ဒုက္ခကို တွေ့ရတယ်။ သူ့ခမြာ တခြားခိုတွေလို အစာရှာချိန်မှာ မရှာရ။ ရေစာချိန်မှာ ရေမသောက်ရ။ အိပ်ချိန်မှာမအိပ်ရ။ တာဝန်ချိန် လဲပေးမယ့်သူ မရှိဘူး။ ကြာတော့ ပူလို့ အမွှေးအတောင်တွေတောင် ကျွတ်ထွက်ရှာတယ်။ ဒါပေမယ့် မျိုးဆက်သစ်အကောင်လေး ပေါက်ဖို့ သူ ရဲရဲကြီး ဒုက္ခခံနေတာတွေ့ရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကရော။ ဖိနှိပ်ခံထားရတဲ့ ဥခွံ ပေါက်ထွက်ပြီး လွတ်မြောက်ရေး အကောင်သစ်လေး မွေးလာဖို့ ကိုယ်ငွေ့တွေ၊ ကိုယ်ပူတွေ လွှတ်ထုတ်ပြီး ဒုက္ခသစ္စာနဲ့ လက်ထပ်ထားတယ်။ ခင်ဗျား သူတို့ကို ရေတပေါက်လောက် မတိုက်ချင်ဘူးလား။ တိုက်ချင်ရင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပါဝင်လိုက်။ တတ်နိုင်ရင် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာမှာ သစ်ချိုသီးထည့်ပေးလိုက်။ နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးလဲ။ ကဗျာဆရာအောင်ဝေးရဲ့ ကဗျာနဲ့ ပြောရရင် “လရောင်နဲနဲ ရှိရင်၊ လမ်းနည်းနည်း ဆက်လျှောက်လို့ရတယ်” ဆိုတဲ့ လူမျိုးတွေပဲ။
၁၇ မတ်လ ၂ဝဝ၉
March 13th, 2009
အတောင်ပံနဲ့ မိုးကောင်းကင်နဲ့ ကြား …
ဇွန်မှိုင်း ၊ မတ် ၁၂၊ ၂၀၀၉
(၁)
ကျနော် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရုံးဝင်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ သီချင်းသံတွေကို စ ကြားလိုက်ရတယ်။ “အပြင်ကမ္ဘာနဲ့ အဆက်ဖြတ်တဲ့ မြေ… စာအံသံတွေ သုဉ်းဆိတ်စေလည်း ရင်မှာကိုယ်စီရှိတဲ့ အတွေ့အကြုံ… အပြန်အလှန် ဖလှယ်နေရင်း… အချိန်တွေကို စစ်ခင်း… ပညာရှာကာ ဘဝရဲ့ ကျောင်းထဲမှာ …” ဒါ အထဲက သီချင်းပဲ၊ ဘဝတက္ကသိုလ်လို့ နာမည်ပေးထားတဲ့ ကို - - ရေးတဲ့ သီချင်းပဲ၊ ကျနော်တို့ အထဲမှာ တောက်လျှောက် ဆိုခဲ့တဲ့ သီချင်း၊ အခု ဘယ်သူ့အသံပါလိမ့်။ သြော် … ကိုဂျွန်၊ ကိုဂျွန့် အသံပဲ။ သူ့အသံနဲ့ ဒီသီချင်းက တော်တော်လိုက်တာပဲ။ ကျနော် အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တယ်။ ကိုဂျွန့် အသံထဲမှာ ကြေကွဲ ဆို့နင့်မှုတွေ တနင့်တပိုးနဲ့ပါလား။ “သင်ရိုးတခုနဲ့ မကန့်သတ်တဲ့ ဘဝရဲ့ တက္ကသိုလ် … ကြုံတွေ့ရသမျှ တို့အတွက်က သိမှတ်စရာပါ ခေါင်းလောင်းမထိုး ကျောင်းမဆင်းတဲ့ … ဘဝရဲ့ တက္ကသိုလ် စက္ကန့်မလပ် တို့အတွက်က ကျောင်းတက်ချိန်ပါ …” အကျဉ်းထောင်ထဲက သီချင်းတွေကို AAPPက စီဒီထုတ်ပြီး နိုင်ငံတကာကို ဖြန့်ချိမလို့တဲ့။ ကောင်းလိုက်တဲ့ စိတ်ကူး။ ဒီစိတ်ကူးကို ရသွားတဲ့ AAPPကို ကျနော် ကျေးဇူးတင်တယ်။ ဒီသီချင်းတွေဟာ ကျနော်တို့ရဲ့ ဘဝ၊ ကျနော်တို့ရဲ့ ရင်ခုန်သံ၊ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ကျနော်တို့ရဲ့ အရင်း အနှီးတွေ။
(၂)
ကျနော် AAPPပြခန်းထဲကို ဝင်လိုက်တယ်။ ကင်းသံချောင်းခေါက်သံတွေ ကျနော် ကြားလိုက်ရသလိုပဲ။ အုတ်ရိုး၊ သွတ်ဆူးကြိုး၊ စစ်ခွေးတိုက်၊ ပုံစံခန်း၊ ခြေကျင်းရိုက်သံ၊ ပြီးတော့ အမေနှမ ကိုင်တုတ်နေတဲ့ မကြားဝံ့မနာသာ ဆဲသံတွေ … ကျနော့်နားထဲ၊ ကျနော့် မျက်စေ့ထဲမှာ မြင်ယောင် ကြားယောင်လာတယ်။ ဒီနေရာတွေဟာ ခဏခဏ အမှတ်ရဖို့ ကောင်းတဲ့နေရာတွေ မဟုတ်ဘူး ဆိုပေမယ့် … ဒီနေရာတွေမှာပဲ ကျနော်တို့ ဓားတွေကို ဆေးသားတင်ခဲ့ကြတယ်။ ဒီနေရာတွေမှာပဲ ကျနော်တို့ ယုံကြည်ချက်တွေကို ပိုပြီး ခိုင်မြဲစေခဲ့ကြတယ်။ ဒီနေရာတွေမှာပဲ ကျနော်တို့ရဲ့ ရင်ခုန်သံတွေကို ထုဆစ်ခဲ့ကြတယ်။
(၃)
“နံရံအိုတွေ … အုတ်ရိုး၊ ကင်း … ဗူး၊ ကြိုးစင်တွေ … ရာဇာမင်းလက် … သားကောင်များ ညည်းတွားသံတွေ … သော့အိမ်တွေ အလီလီ အထပ်ထပ် … ကြောက်တတ်သော အပြစ်ရှိသူတွေ …” ကိုအီဗားရဲ့ သီချင်းသံဟာ ကျနော့်အခန်းထဲကို ရောက်လာတယ်။ သူ့အသံဟာ ခါတိုင်းထက် ပိုပြီး ကြေကွဲနေသလိုပဲ။ ရေးလက်စ ကဗျာတပိုင်းတစကို အသာချပြီး ကျနော် သံတခါးဆီ တိုးကပ်ကြည့်လိုက်တယ်။ ကိုအီဗားဟာ တိုက်(၃) အခန်း(၄)ရဲ့ သံတိုင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဟိုး ခပ်ဝေးဝေးဆီကို ငေးပြီး နောက်တပိုဒ်ကို ဆက်ဆိုတယ်။ “ခြေသံလိုလို တစ္ဆေများလား … ညဝိညာဉ်တွေ … ပြိုပြီ ကျီးတသင်း ကင်းသံချောင်း ‘ကောင်း’ဟစ်သံတွေ … အသိဉာဏ်တွေ သံခြေကျင်းခတ် မကြောက်တတ်သော သတိရှိသူတွေ …” မကြောက်တတ်ဘူး ဆိုတာ သေချာတာပေါ့။ ကိုအီဗားဟာ ဒီသာယာဝတီထောင်ကို ရောက်တာ နှစ်ခေါက်ရှိပြီပဲ။ လွတ်ပြီးလို့မှ ဘာမှမကြာခင် နောက်တခေါက်အတွက် သူ အဆင်သင့်ဖြစ်ခဲ့တယ်။ နည်းနည်းလေးမှ နောက်မတွန့်ခဲ့ဘူး။ ကျနော်တို့အခန်းကနေ ၅ ဗူးကို လှမ်းတွေ့ရတယ်။ (၅) ဗူးပေါ်က မီးမောင်းဟာ ကျနော်တို့ (၃/၄) တိုက်ဝင်း၊ (၁/၂) တိုက်ဝင်း၊ (၁)ဆောင်နှင့် ဖိုကြီးအစပ်ဆီကို လှမ်းထိုးလိုက်တယ်။ ဆက်တိုက်နီးပါးမှာပဲ (၈) နာရီ သံချောင်းခေါက်သံတွေ ဗူးစင်တိုင်း က ထွက်လာတယ်။ ဗာယာတွေရဲ့ တုံးခေါက်သံ၊ အဆောင်တွေဆီက “အားလုံးကောင်းပါတယ် ဆရာကြီး”ဆိုတဲ့ သတင်းပို့သံတွေ ဆက်တိုက် ထွက်လာတယ်။ ဘာတွေ အားလုံးကောင်းနေကြတာလဲ။ မနက်ပိုင်းကတင် Dictionary ထောင်ဝင်စာက သွင်းခွင့်ပြုဖို့ ထောင်ပိုင်ကြီးကို တင်ပြခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးထွန်းကို ရိုက်ချင်တိုင်းရိုက်၊ ထိုးကြိတ်ချင်တိုင်း ထိုးကြိတ်ပြီး ကြိုးတိုက်ထဲကို ပို့လိုက်သေးတာပဲ။ ကြိုးတိုက်မှာ စောင်မပါ၊ အဝတ်အပိုမပါနဲ့ တယောက်ထဲ ခွဲပြီး ပြစ်ဒဏ်အဖြစ် ချုပ်နှောင်ထားပြီးတဲ့ အထိတောင် အားလုံး ဘာတွေ ကောင်းနေကြသေးတာလဲ။ ကျနော် စဉ်းစားမရဘူး။ အဲဒီအချိန်မှာပဲ ဘေးအခန်းက (၁ဝ)တန်းကျောင်းသားလေး ဟန်ဝင်းအောင်ရဲ့ တောက်ခေါက်သံကို ကြားလိုက်ရတယ်။ “အကောင်းဆုံးသော မျှော်လင့်ချက် … အနာဂတ်အတွက် ဖြစ်စေ … အဆိုးဝါးဆုံး ဒဏ်ဆူးချက် လူတချို့ ပြည့်နှက်ကာ နေ … ရွှေပြည်ကို လှမ်းဆက်ခရီးမှာလေ” ကိုအီဗားရဲ့ သီချင်းသံဟာ အုတ်ရိုးတွေကို ကျော်ပြီး အပြင်က လယ်ကွင်းတွေကို ကျော်ပြီး ကျနော်တို့ကို ငေးကြည့်နေတဲ့ ရိုးမတွေဆီထိ ရောက်သွားပြီလား။
(၄)
ဘိုကလေး မုန်တိုင်းစစ်ဆင်ရေးမှာ အဖမ်းခံရပြီး (၁၇)နှစ် ကျခံလာရတဲ့ ကရင်လယ်သမားလေး စောတာအယ် ကို ကျနော် တောင်ယာထဲမှာ လှမ်းတွေ့ရတယ်။ ကြက်ဟင်းခါးစင်ကလေး ဘေးမှာ တလှုပ်လှုပ်နဲ့ ဝါးခြမ်းပြားတခုကို အသေအချာ အချောသတ်နေတယ်။ သူ့ဘေးမှာက တောင်ယာ တူးရင်း ဆွရင်း ကောက်ရတဲ့ သံပြားအစအနလေးတွေကို ကြံဖန်ပြီးလုပ်ထားတဲ့ ဓါးတလက်ရယ်၊ ဆူးလေး နှစ်ချောင်း ရယ်၊ ပုလင်းကွဲ သုံးလေးစရယ်။ “ဟေ့လူ … ဘာလုပ်မလို့လဲ သဲကြီးမဲကြီး” သူက သူ့ပါးစပ်ကို လက်ညိုးလေး အသာကပ်ပြီး ခပ်ပြုံးပြုံးမျက်နှာထားနဲ့ “ရှူး … တိုးတိုး အကို၊ ဂစ်တာလုပ်မလို့” “ဟာ ဟုတ်လှချည်လား၊ စိတ်ကူးကောင်းလှချည်လား၊ ကြိုးက ဘယ်လိုလုပ်မလဲ” “နိုင်လွန်ကြိုးလေ အကိုရ၊ ကြည့်နေပါ၊ ညနေကျရင် အကိုတွေ့မယ်” စောတာအယ်ရဲ့ အပြုံးက တကယ်ကို ချစ်စရာပါ။ ကလေးတယောက် ရွှံဗွက်ထဲမှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် ဆော့ခွင့်ရနေတဲ့ ပုံစံမျိုး။ တကယ်ကို ကြည်ကြည်နူးနူး။ ညနေကျတော့ ကျနော် ထောင်တွင်းဖြစ် ဂစ်တာကို မြင်ရပြီ၊ ထောင်ဝင်စာက ရေထည့်ဖို့ သွင်းထားတဲ့ မိုလာပုံးကို ဂစ်တာ အိုးလုပ်၊ သူ မနက်က အချောသတ်နေတဲ့ ဝါးခြမ်းပြားက ဂစ်တာဖလက်တန်ဖြစ်၊ သူ့ သူငယ်ချင်းတွေ မနက်က အလုပ်ရှုပ်နေတဲ့ နိုင်လွန်ချည် တခင်က ဂစ်တာကြိုးတွေဖြစ်၊ ‘တစ်’ ကြိုး၊ ‘နှစ်’ ကြိုး၊ ‘သုံး’ ကြိုး … ဂစ်တာတလုံးက လိဒ်တီးဖို့တဲ့၊ နောက်တလုံးက ရစ်သမ်တီးဖို့တဲ့၊ သူတို့ ဂစ်တာကို သူတို့ ကျေကျေနပ်နပ်ကြီး တီးခတ် နေကြပုံများ မြင်ရသူတိုင်း အပျော်မကူးပဲ မနေနိုင်ဘူး။
(၅)
အခန်းရဲ့ အလယ်မှာ စားပွဲပုပုလေးတလုံး၊ အဲဒီစားပွဲပေါ်ကို အနီရောင် စောင်တထည်နဲ့ ကျကျနန လေးဘက်လေးတန်ရော၊ အပေါ်ဘက်ရော ပတ်လိုက်တဲ့အခါ အနီရောင် လေးထောင့်အတုံးလေး တတုံးဖြစ်သွားတယ်။ အဲဒီ အနီရောင်အတုံးပေါ်မှာ အနက်ရောင် ခပ်ထူထူ အထည်စတခုကို စနစ်တကျ ခေါက်တင်လိုက်ပြီး အဲဒီအနက်ရောင်ပေါ်မှာတော့ အနီရောင် ကစ္စမီကွစ်ခ်ပန်းကလေးတွေကို ကြယ်ပုံသဏ္ဍာန် ဖော်လိုက်တယ်။ ပိန်းပိတ်နေအောင် မဲနက်နေတဲ့ အမှောင်တိုက်ထဲက ကြယ်နီတပွင့်ဖြစ်သွားတယ်။ အဲဒီကြယ်ရဲ့ ပတ်ပတ်လည်မှာက ဖယောင်းတိုင် (၁၃)တိုင်။ ဖယောင်းတိုင်တွေကို မီးထွန်းညှိပြီးတဲ့ အချိန်မှာတော့ ဒီစားပွဲလေးကို ကျနော်တို့ အားလုံး ဝိုင်းလိုက်ကြတယ်။ ၁၂ ပေ ၈ ပေ အခန်းထဲမှာ လူ (၃ဝ) နီးပါး။ “ရဲဘော် ကိုဖုန်းမော်နှင့်တကွ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်းတို့အား အလေးပြု” ထောင်မှူး ဒါမှမဟုတ် တာဝန်မှူး တယောက်ယောက် လာရင် အချိန်မီ သတိပေးနိုင်ဖို့ အပြင်မှာ တယောက်၊ ဂိတ်တခါး နားမှာ တယောက် ကင်းချထားတယ်။ အလေးပြုပြီး မကြာခင်မှာ “ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော အို သူရဲကောင်းတို့ရေ … အာဇာနည်တွေ နေတဲ့တိုင်းပြည်…” ကမ္ဘာမကြေ မျိုးဆက်သစ် သီချင်းကို စ ဆိုတယ်။ ရဲဘော် နှစ်ယောက်က မနေ့က စောတာအယ် လုပ်ပေးတဲ့ ဂစ်တာ နှစ်လက်ကို တီးခတ်ကြတယ်။ ပြီးတော့ လှောင်ချိုင့်ထဲက တေး၊ ၅ည သံစဉ်၊ ချယ်ရီ သို့မဟုတ် ရနံ့မဲ့ ခရီးရှည်၊ နိုင်ငံတော် ငိုချင်း၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်၊ ဒီနံရံတွေကြား နှင့် ဘဝတက္ကသိုလ် စတဲ့ သီချင်းတွေ တောက်လျှောက်ဆိုကြတယ်။ ဒီနေ့ဟာ “မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့” “ကိုဖုန်းမော်နေ့”၊ မတ်လ (၁၃)ရက်နေ့လေ။ အကျဉ်းထောင်ရဲ့ အကြပ်တည်းဆုံးနေ့ရက်များမှာတောင် အောက်မေ့ဖွယ်နေ့တွေကို ကျနော်တို့ ဖြစ်အောင် ကျင်းပခဲ့ကြတယ်။
(၆)
ကျနော် ကဗျာတပုဒ်ပြီးသွားတိုင်း ဆရာပွင့်ကို ပြကြည့်တယ်။ “ဆရာ ကျနော့်ဟာ ကဗျာရော ဖြစ်ရဲ့လား ဆရာ” အဲဒီလို ကျနော်မေးတိုင်း ဆရာက “ဖြစ်ပြီလားဗျာ၊ ဒီလောက် ဘယ်နေရာကြည့်ကြည့် လွမ်းစရာတွေ ချည်းဖြစ်နေတဲ့ နေရာမှာ ကျနော်တို့ရင်ထဲက အရာတွေကိုသာချရေး၊ ဘာရေးရေး ကဗျာ ပေါ့ဗျာ” လို့ ဆရာက အမြဲပြောတယ်။ ဆရာပြောတာလည်း ဟုတ်တာပဲလေ၊ ကျနော်တို့အထဲက ဘဝတွေကိုပဲ ကြည့်ကြည့်၊ အပြင်မှာ ကျန်ခဲ့တဲ့ ဘဝတွေကိုပဲ လှမ်းကြည့်ကြည့် အရာရာဟာ ရင်နှင့် ရင်းနှီးခဲ့ကြရတာတွေချည်းပဲ။ အုတ်နီခဲကျိုးကို ချွန်နေအောင်သွေးထားပြီး သမန်တလင်းပေါ်မှာ ရင်ထဲက ခံစားချက်တွေ တလုံးချင်း ရေးချ၊ ကဗျာ တပါဒလောက် ဖြစ်သွားပြီဆိုရင် အဲဒါကို အလွတ်ကျက်၊ ဘာကြောင့်လဲဆိုတော့ ၁၂ ပေ ၈ ပေ အခန်းထဲမှာ လူက (၅) ယောက်လောက်ထည့်ထားတာ ဆိုတော့ သမန်တလင်း လက်ကျန်ဆိုတာကိုက သိပ်မှ မကျန်တော့တာဘဲ။ အဲဒီလို ရေးလိုက် ကျက်လိုက် ပြန်ဖျက်လိုက် အသစ်ထပ်ရေးလိုက်နဲ့ ကဗျာတပုဒ် အပီအသ ဖြစ်သွားပြီ ဆိုတဲ့အခါကျမှ ပလပ်စတစ် အကြည်သားကို နံရံပေါ် ကပ်တင်ပြီး သံချွန်သေးသေးလေးနဲ့ ဒါမှမဟုတ် ဒုတ်အချွန် သေးသေးလေးနဲ့ ဖိပြီး ရေးကြရ တာ။ အဲဒီလိုရေးပြီးသွားတဲ့ ကဗျာကိုမှ ဟိုအခန်း ဒီအခန်း ပြကြ၊ ဖတ်ကြ၊ ဝေမျှ ခံစားကြ။ အခွင့်အလမ်းကောင်းလေး ကံကောင်းထောက်မလို့ ရကြရင်၊ ဟိုတိုက် ဒီတိုက်အထိ လှမ်းဖြန့်ကြ၊ အပြန်အလှန်ခံစား ကြ၊ အပြန်အလှန် ဝေဖန်အကြံပြုကြ။ အဲဒီ ကဗျာတွေကနေ ဂီတ သံစဉ်တွေနဲ့ တွေ့သွားကြတဲ့အခါ သီချင်းတွေ ဖြစ်လာတယ်။ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အညွန့်အဖူးတွေကို စစ်ဖိနပ်နဲ့ နင်းချေတယ်။ သူ့ရည်ရွယ်ချက်က တစစီ ကြေမွ ပျက်သုန်း သွားစေချင်တယ်။ ကျနော်တို့ရဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေကို အမြစ်က ဆွဲနှုတ်ပစ်လိုက်သလို တစမကျန် ဖျက်သိမ်းပစ်ချင်တယ်။ ဒါပေမယ့် ဒါနဲ့ ပြောင်းပြန်ပဲ။ သူက ဖျက်သိမ်းပစ်ဖို့ ကြိုးစားလေလေ ပိုပြီးရှင်သန် ခိုင်မာလာလေလေပဲ။ သံပူပူမှာ အားစိုက်ထုနှက်လိုက်သလို သံမဏိသား တနေ့တခြားတက်လာတယ်။ မီးဆေးလိုက်တဲ့ ဓါးလို ဆေးသားတွေ တထပ်ပြီး တထပ် တက်လာတယ်။ ရန်သူ့ရဲ့ အထုအနှက်ကို ခံလိုက်ရတိုင်း ကဗျာတွေ ထွက်ကျလာ၊ သံစဉ်တွေ ထွက်ကျလာ၊ အဲဒီကမှတဆင့် တော်လှန်ရေး တေးသီချင်းတွေ ထွက်ကျလာတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကဗျာတွေ တပုဒ်ပြီး တပုဒ်၊ သီချင်းတွေ တပုဒ်ပြီး တပုဒ် … ။
(၇)
အထဲမှာ အောက်မေ့ဖွယ် အခမ်းအနားတွေ တခု လုပ်တိုင်း လုပ်တိုင်း ကျနော့် ရင်ထဲမှာ အမြဲဖြစ်နေတဲ့ တောင့်တမှု တခုက ဗီဒီယိုမှတ်တမ်း ရိုက်ထားချင်တဲ့ ကိစ္စပဲ။ “ဆရာရယ် ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပြီး အပြင်က ရဲဘော်တွေ၊ နိုင်ငံတကာက ရဲဘော်တွေကို ပေးပြရရင် သိပ်ကောင်းမှာပဲနော်” လို့ ကျနော်က တမ်းတမ်းတတ ပြောမိတဲ့အခါတိုင်း ဆရာပွင့်ဟာ ကျနော်ကို ငေးငေးကြီး စိုက်ကြည့်နေတတ်တယ်။ အဲဒီအချိန်မျိုးမှာ သူ့မျက်ဝန်းတွေက အလွမ်းတွေနဲ့ စိုစွတ်လို့။ ပြီးတော့ ဆရာက လေးလေးကြီးနဲ့ “ဒါတွေဟာ တကယ့် သမိုင်းတွေပါဗျာ”တဲ့၊ သူ ခပ်ဆွေးဆွေးကြီးပြောပြီး ကျနော့်လက်ကို တနွေးတထွေး ဆုပ်ကိုင်ထားတတ်တယ်။
(၈)
အခုတော့ ကျနော် အနှစ်နှစ် အလလ က မက်ခဲ့ရတဲ့ အိမ်မက်တွေကို AAPPက အကောင်အထည်ဖော်လိုက်ပါပြီ။ “အတောင်ပံနဲ့ မိုးကောင်ကင်ရဲ့ကြား လှောင်ချိုင့်များရှိသရွေ့ … မိုးနဲ့ တို့နဲ့ မတွေ့ … မပျံနိုင်တဲ့ ငှက်ကလေး အာကာသ ဟင်းလင်းပြင်နဲ့ ဝေး … အတောင်ပံရှိရက်နဲ့ လွတ်လပ်ရေးမရလို့ မပျံနိုင်တဲ့ ငှက်ကလေး …” အဆိုရှင် လင်းလင်းရဲ့ အသံကို ကျနော် ကြားနေရတယ်။ လင်းလင်းကလည်း အဆိုကောင်းမှကောင်း။ သီချင်းနံမည်က “လှောင်ချိုင့်ထဲက တေး”တဲ့၊ ကိုနေဝန်းနီ ရဲ့ လက်ရာ။ မကြာခင် ကမ္ဘာအနှံ့ ပျံသန်းထွက်ခွာတော့မှာ ဆိုတဲ့ အသိဟာ ကျနော့် ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ဆိုတာ အထဲမှာ ကျန်ရစ်ခဲ့ကြတဲ့ ကျနော့် ညီအကို မောင်နှမတွေ အသေအချာသိနိုင်ကြမှာပါ။ ။ လှောင်ချိုင့်ထဲက ငှက်ငယ်များ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
(၂၃၊ ဖေဖော်ဝါရီ ၂ဝဝ၆။)
ဆော်လမွန် |
စနေနေ့၊ မတ်လ 21 2009 16:47 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ သင့်တော်ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့ခြင်းသည် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ချွတ်ယွင်းရခြင်း၏ အဓိက အကြောင်းရင်းတရပ် ဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူ အဖွဲ့တခုက သောကြာနေ့က ပြောကြားလိုက်ပါသည်။ မနှစ်မြို့ဖွယ် အကျဉ်းထောင်တွင်း အခြေအနေများ၊ သင့်တော်ကောင်းမွန်သည့် ဆေးဝါးကုသမှု ချို့တဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြသည်ဟု ‘နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ - မြန်မာပြည်’ (AAPP-B) ၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။ “မိသားစုနဲ့ဝေးတဲ့ ထောင်တွေကို ပို့လိုက်တော့ နိုင်ငံရေး အကျဉ်းသားအားလုံး ကျန်းမာရေး ချို့တဲ့တာ၊ အစားအသောက် ချို့တဲ့တာတွေနဲ့ နပန်းလုံးနေရတယ်” ဟု ဦးဘိုကြည်က ပြောသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အများစုမှာ အစားအသောက်နှင့် ဆေးဝါးအတွက် မိသားစုကိုသာ မှီခိုနေရရာ ယခုကဲ့သို့ ဝေးလံလှသည့် ထောင်များသို့ အပို့ခံရသည့်အတွက် ဤထောက်ပံ့မှုများကို မရနိုင် ဖြစ်ကြရသည်ဟု သူက ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်သည် ထိန်းသိမ်းခံရစဉ် မျက်စိတဘက် ဆုံးရှုံးခဲ့ရပြီးနောက် ယခုအခါ နောက်ထပ် မျက်စိတဘက် ထပ်မံဆုံးရှုံးရမည့် အန္တရာယ်ရှိနေပြီး၊ အခြားကျောင်းသားခေါင်း ဆောင်တဦးဖြစ်သူ ကိုကိုကြီးမှာလည်း အသည်းရောဂါ ခံစားနေရကြောင်း မိမိမကြာသေးခင်က သတင်းများ ရရှိခဲ့သည်ဟု ဦးဘိုကြည်က ပြောပါသည်။ ထင်ရှားသော ကျောင်းသားခေါင်းဆောင်ဖြစ်သူ မင်းကိုနိုင်မှာလည်း မျက်စိရောဂါ ခံစားနေရကာ ကျဉ်းမြောင်းပြီး အေးစက်နေသည့် အမှောင်တိုက်ထဲတွင် နေရသည့်အတွက် သွက်ချာပါဒ လိုက်သွားမည်ကို စိုးရိမ်နေရသည်ဟု ဦးဘိုကြည် က ဆက်လက် ပြောဆိုပါသည်။ “သူတို့ကို အထူး ကုသမားတော်ကြီးတွေနဲ့ ချက်ချင်း ပြသကုသမှု ခံယူဘို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သူတို့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်၊ လေဖြတ်သွားနိုင်င်ပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များကလည်း သွားရသည့်ခရီး ဝေးကွာလွန်းခြင်းနှင့် အချိန်နှင့်ငွေ အကုန်အကျ များလွန်းလှခြင်းကြောင့် အကျဉ်းထောင်များသို့ မကြာခဏ သွားရောက် တွေ့ဆုံရန် ခက်ခဲကြောင်း၊ မကြာခဏ ပြဿနာ ဖြစ်ရကြောင်း ပြောကြသည်။ “ဆေးဝါး ကုသဘို့ လိုနေတဲ့သူတွေကို ဆေးမကုပေးဘဲ ထားတာဟာ လူသတ်မှုဘဲ၊ သူတို့ (စစ်အစိုးရ) က နိုင်ငံရေး အကျဉ်းသားတွေကို တဖြေးဖြေးမျှဉ်းသတ်နေတာ” ဟု ဦးဘိုကြည်ကပြောသည်။ ဗဗ္စ္စ-္ဘ ၏ စာရင်းအရ မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားပေါင်း အနည်းဆုံး ၂၁၂၈ ဦး ရှိသည်ဟု ပြောပါသည်။ ဤအတောအတွင်း တကမ္ဘာလုံးရှိ တက်ကြွလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်များ စုဆောင်း ကောက်ယူတောင်းဆိုသည့် လှုပ်ရှားမှုတခုကို စတင်ပြုလုပ်ခဲ့ကြပါသည်။ တိုကျိုမြို့တွင်လည်း မြန်မာနိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံမှ တက်ကြွလှုပ်ရှားသူ ၅ဝ ကျော်က မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မြန်မာလူမျိုးများ၊ ဂျပန်လူမျိုးများ အပါအဝင် အခြား ထောက်ခံအားပေးသူ တို့ထံမှ လက်မှတ်များ ကောက်ယူသည့် လုပ်ငန်းကို သောကြာနေ့က စတင်ပြုလုပ်ခဲ့ကြသည်။ သူတို့သည် ဤစုဆောင်း ကောက်ယူထားသော ထောက်ခံသူများ၏ လက်မှတ်များနှင့်အတူ ပန်ကြားလွှာတစောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သို့ ပေးပို့သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ တွဲဘက်အတွင်းရေးမှူး (၁) ဦးဇော်မင်းထွန်းက ပြောသည်။ “ကျနော်တို့ ဒီလက်မှတ်တွေနဲ့အတူ စာကို ဘန်ကီမွန်းနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဆီကို ပို့မယ်” ဟု ဦးဇော်မင်းထွန်းက ပြောသည်။ “ကျနော်တို့ ပန်ကြားလွှာကို ပို့ဘို့ စီစဉ်နေပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ (ကုလနဲ့ဂျပန်) က စစ်အစိုးရက အဆိုပြုထားတဲ့ ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲဆိုတာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မယ် လို့ ယုံကြည်နေလို့ဘဲ” ဟု သူက ဆက်လက် ပြောဆိုပါသည်။ ဤစာတွင် ၂ဝ၁ဝ ရွေးကောက်ပွဲများသည် မြန်မာ့နိုင်ငံရေး အကြပ်အတည်း၏ အဖြေမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးသာလျှင် ပြဿနာများ ဖြေရှင်းရေးအတွက် ပထမ ခြေလှမ်းဖြစ်မည်ဟု ခုခံချေပ ရေးသားထားကြောင်း သူကပြောသည်။ တကမ္ဘာလုံးမှ လက်မှတ်ပေါင်း ၈၈၈၈၈၈ ခုရရန် သူတို့ ဦးတည်ချက်ထား ကြိုးပန်းနေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ ဤလှုပ်ရှားမှုကို ထောက်ခံသည့် အနေနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြုလုပ်ထားသည့် သူတို့၏ အွန်လိုင်းပန်ကြားလွှာတွင်လည်း ဝင်ရောက်ပါဝင် လက်မှတ်ရေးထိုးကြပါရန် ယူကေ အခြေစိုက် ဒဃ့မငျအငညှေသူငိမေငအပ္တသမိုတငိနဒ (CSW) က ပြည်သူလူထုကို တိုက်တွန်းထားသည်။ CSW ၏ အရှေ့အာရှ အဖွဲ့ခေါင်းဆောင် ဘီနီဒစ်ရော်ဂျာ (Benedict Rogers) ကလည်း “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ချက်ချင်း ကိုယ်တိုင်ကိုယ်ကျ ဦးစားပေး လုပ်ကိုင်ပါရန် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ကျနော်တို့ ပြင်းပြင်းထန်ထန် တိုက်တွန်း တောင်းဆိုပါ တယ်” ဟု ကြာသပတေးနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ထည့်သွင်း ပြောဆိုသွားသည်။ “မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဖိအားတွေ တိုးမြှင့်ပေးအပ်ဘို့ အရေးတကြီး လိုအပ်နေပါတယ်။ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် နေ့တိုင်း ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်သင့်ပါတယ်” ဟု ရော်ဂျာ က ဆက်လက် ပြောဆိုသွားခဲ့သည်။ |
မဇ္ဈိမသတင်းဌာန |
သောကြာနေ့၊ မတ်လ 20 2009 21:56 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။ သည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။ သူမ အသည်းအသန် နာမကျန်း ဖြစ်နေသော်လည်း မြစ်ကြီးနား အကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်းမှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။ ”ကိုဇာဂနာသိရင်တော့ အရမ်း ဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင်အာဏာပိုင်တွေကနေတဆင့် သူ့ဆီရောက်အောင် အကြောင်းကြားခိုင်းလိုက်ပြီ” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမ သို့ ပြောသည်။ ဘီလင်းမြို့ ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး ”မေ့ရက်တဲ့ မောင်”၊ ” ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ အလောင်းတော်ကဿပသွား တောလား”၊ ” ဗုဒ္ဓဂါယာ ၂၁ ရက် ခရီးစဉ်”၊ ” ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှု ခံခဲ့ရဖူးသည်။ ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး ”သား (ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံးသွားတာဟု” သားဖြစ်သူ ကိုတေဇက ပြောသည်။ ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။ နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။ ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇ နှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။ |
ဖနိဒါ |
သောကြာနေ့၊ မတ်လ 20 2009 19:30 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ အင်းစိန်ထောင်ကျ ကလေးများကို သီးသန့် သင်တန်းကျောင်းသို့ မပို့ဘဲ အင်းစိန်ထောင်မှာပင် ထားခြင်းအပေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ က ရှုတ်ချ ပြောဆိုလိုက်သည်။ ရန်ကုန် အင်းစိန်ထောင်အတွင်း ရာဇဝတ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျနေသည့် အသက် ၁၄ နှစ်ကလေးငယ်များကို စာသင်ကြားပေးနေသည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ထောင်တွင်းကလေးများကို ချုပ်နှောင်မှုအပေါ် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ “ဒီလိုထားမယ်ဆိုရင် စစ်အစိုးရ မူဝါဒ မှားနေတယ်။ ဘာပဲပြောပြော အကျဉ်းထောင်ဆိုတာ နာမည်အရကို ထောင်ထဲမှာဆိုရင် ကလေးတွေ စိတ်ထဲ အားငယ်သွားစေတယ်။ တကယ်လို့ ၁၈ နှစ် မပြည့်ဘဲ၊ ကလေး သင်တန်းကျောင်းတွေမှာ မထားဘဲနဲ့ အင်းစိန်ထောင်ထဲမှာ ထားတယ်ဆိုရင် အင်မတန် အောက်တန်းကျပြီး ဆိုးရွားတဲ့ ပြစ်မှုတခု ကျူးလွန်တာပဲလို့ ပြောချင်တာ” ဟု ဦးသိန်းဦးက ဆိုသည်။ ၂ဝဝ၅ ခု ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ အင်းစိန်ထောင်တွင်း အသက် ၁၄ နှစ်မှ ၂ဝ နှစ်ထိ အကျဉ်းသားကလေးများကို သူငယ်တန်းမှသည် စတုတ္တတန်းအထိ ပညာသင်ပေးခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လက အင်းစိန်ထောင်မှ ပြန်လွတ်လာသူ စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကလည်း ထောင်တွင်း ကလေးများရှိနေကြောင်း ပြောသည်။ “အင်းစိန် ထောင်ထဲမှာ ကလေး အကျဉ်းထောင်ဆိုတာ ရှိတယ်။ စစ်ခွေးတိုက်နဲ့ အလုပ်ဘက်ဝင်း ကြားမှာပေါ့နော်။ မူလတန်းကျောင်းကနေ အလယ်တန်းထိလောက်။ သင်တဲ့ ဆရာတွေက အကျဉ်းကျနေတဲ့ ဘွဲ့ရ ပညာတတ်တွေ သင်ပေးနေတာ။ အသက်အရွယ်ကတော့ များသောအားဖြင့် ၁၃၊ ၁၄ နှစ်ကနေ ၁၉၊ ၂ဝ နှစ် အရွယ်ရှိတယ်” ဟု သူက ပြောသည်။ အကျဉ်းဦးစီးအရာရှိ အပြောအရ ကလေးအဆောင်များမှာ လူကြီးအဆောင်များနည်းတူ ဆောက်လုပ်ထားပြီး စိုက်ပျိုးရေး လုပ်ငန်းများတွင် ခိုင်းစေခြင်း၊ စာသင်ချင်သည့် ကလေးအကျဉ်းသားများကို စာသင်ခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။ ဦးသိန်းဦးက ''နိုင်ငံတကာမှာ ဆိုရင်တော့ ပိုပြီးတော့ ကလေးတွေကို ဦးစားပေးတယ်။ ကလေးတွေအတွက် သီးသန့် ပြန်လည် ပြုစုပျိုးထောင်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရာဇဝတ်မှု ကျူးလွန်တယ်ဆိုရင် အသက်အရွယ် ငယ်သေးတယ်။ သူတို့ ဘဝမှာ အစပဲ ရှိသေးတော့ ဒီအပြစ်ကြောင့် သူတို့ တဘဝလုံး ဆုံးရှုံးသွားမှာကို စိုးရိမ်တဲ့အတွက် မိဘလက်ထဲ ပြန်အပ်သင့်ရင် အပ်တယ်။ မရတဲ့လူဆိုရင် ကလေးတွေအတွက် သီးသန့် သင်တန်းကျောင်းမှာ ထားတယ်။ ထောင်မှာ မထားဘူး" ဟု ပြောသည်။ ယနေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင်မူ မြန်မာစစ်အစိုးရမှ အသက် ၁၄ နှစ်အထက် အကျဉ်းကျ ကလေးများကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်လျက်ရှိရာ၊ အသက် ၉ နှစ်မှ ၁၈ နှစ်ကြား သင်တန်းသား ၄၃၆ ဦးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုစုစောင့်ရှောက်ထားသည်ဟု ဆိုသည်။ ထို့အပြင် ပြစ်ဒဏ် ကျခံနေရသည့် လူငယ်များကို ငှက်အော်စမ်း သင်တန်းကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းပညာ လက်သမားအခြေခံနှင့် ဆံပင်ညှပ်သင်တန်း၊ ဘက်ထရီလုပ်ငန်းကို မတ်လဆန်းမှ စတင်ကာ ၃ လကြာ သင်ပေးနေသည်ဟု တာဝန်ရှိသူတဦးက ပြောသည်။ |
ဆော်လမွန် |
ကြာသပတေးနေ့၊ မတ်လ 19 2009 23:55 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးသည် မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားမရှိဟု ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ဗြောင်လိမ်ခဲ့သည်ဟု တက်ကြွ လှုပ်ရှားသူများက ကြာသပတေးနေ့က စွပ်စွဲ ပြောကြားလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ၌ အကျဉ်းကျခံရလျက်ရှိသော နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိသည်ဟု ဆိုသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာတောမတ်စ် အိုဟေးကင်တားနား၏ အစီရင်ခံစာကို အင်္ဂါနေ့က ငြင်းဆို ပြောကြားသွားခြင်း ဖြစ်သည်။ “ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ မရှိ၊ မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်သောကြောင့် အကျဉ်းကျခံနေရသူများသာ ရှိသည်” ဟု ဂျနီဗာမြို့တွင် မတ်လ ၂ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိသော ဒဿမအကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ဦးဝဏ္ဏမောင်လွင်က မစ္စတာ ကင်တားနား၏ အစီရင်ခံစာကို ငြင်းဆိုပြောကြားသွားခြင်း ဖြစ်သည်။ ဤအစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် အများအပြားက မြန်မာနိုင်ငံ၏ တုန်လှုပ်ချောက်ချားဘွယ် ကောင်းလှသော လူ့အခွင့်အရေး မှတ်တမ်းအတွက် ရှုတ်ချ ပြောဆိုကြသော်လည်း မြန်မာစစ်အစိုးရကို ကြာရှည်စွာ ထောက်ခံ အားပေးလာခဲ့သော ရုရှနိုင်ငံကမူ စစ်အစိုးရကို ကာကွယ် ပြောကြားသွားခဲ့သည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို အာရုံစိုက် စိတ်ဝင်စားလာကြသည့် ဤပြဿနာသည် အတုအယောင်မျှသာ ဖြစ်သည်။ ခေါင်းဆောင်များအပေါ် စွပ်စွဲချက်များ အားလုံးသည် ယုံကြည်စိတ်ချရခြင်း မရှိသော သတင်းအချက် အလက်များပေါ် မူတည်ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး၊ သေချာအောင် အတည်ပြု စစ်ဆေးထားခြင်းလည်း မရှိသည့် နိုင်ငံရေး အသွေးအရောင်ရှိသော သတင်းရပ်ကွက်များမှ ရရှိသည့် သတင်း အချက်အလက်များသာ ဖြစ်သည်” ဟု ရုရှကိုယ်စားလှယ်၏ ထုတ်ပြန် ကြေငြာချက်တွင် ရေးသား ဖော်ပြထားသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ် စကော့မက်သီဆန် (David Scott Mathieson) ကမူ မြန်မာနိုင်ငံ၌ ထိတ်လန့်တုန်လှုပ်ဖွယ် လူ့အခွင့်အရေး အခြေ အနေလည်းမရှိ၊ နိုင်ငံရေး အကျဉ်းသားလည်း မရှိဟု မြန်မာနိုင်ငံက ငြင်းဆိုခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မျက်စိလည်သွားနိုင်သည်ဟု ပြောသည်။ “နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော် ရှိတယ်လို့ ကျနော်တို့ သိထားပါတယ်။ ဒါပေမဲ့ သူ (ဦးဝဏ္ဏမောင်လွင်) က ငြင်းဆိုပါတယ်။ ဒါပေမဲ့ အန္တရာယ်က သူ့ရဲ့ ရူးသွပ်မှု မဟုတ်ဘူး၊ အန္တရာယ်က နိုင်ငံတကာ အသိုင်းအဝိုင်းက သူပြောတဲ့ အတိုင်း ယုံသွားမှာကိုဘဲ” ဟု မက်သီးဆန်က ပြောသည်။ နိုင်ငံအချို့က စစ်အစိုးရ၏ ထုတ်ပြန်ကြေငြာချက်များကို ယုံကြည်လိုက်ကြပြီး၊ အမှန်တကယ် ဖြစ်ပျက်နေသည့် လူ့ အခွင့်အရေး အခြေအနေများကို မသိကျိုးကျွန် ပြုလိုက်ကြမည့် အန္တရာယ်ရှိသည်ဟု သူက ဆက်လက်ပြောကြားသွားသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ သံအမတ်ကြီး ပြောသည်ကို မယုံကြည်သင့်ကြောင်းဖြင့်လည်း HRW က ပြောသည်။ မြန်မာနိုင်ငံတွင်း ပေါ်ပေါက်လျက်ရှိသော လူ့အခွင့်အရေး အခြေအနေများကို သူတို့အနေဖြင့် ပိုမိုအာရုံစိုက် သင့်ကြောင်းလည်း ပြောသည်။ “ဤပြောဆိုချက်သည် လေးနက်သော ပြောဆိုချက် မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂကို ရိုးသားစွာ ပြောဆိုတင်ပြရမည် ဟူသည့် မူဝါဒကိုလည်း ထင်ဟပ်နေခြင်း မရှိ။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံကိန်း ကြီးတခုလုံးကို စော်ကားမှုသာ ဖြစ်သည်” ဟု မက်သီးဆန်က ဆက်လက် ပြောကြားသွားခဲ့သည်။ ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို နောက်ဆုံး သွားရောက်ခဲ့သော မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စိန်ခေါ်လျက်ပင် ရှိသေးကြောင်း၊ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော်ရှိသေးကြောင်း သူ၏ အစီရင်ခံစာတွင် ထုတ်ဖော် တင်ပြထားသည်။ ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်လည်း သူက တောင်းဆိုလိုက်သည်။ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက အထူးသံတမန်၏ အစီရင်ခံစာကို သူတွေ့ရှိ ဖတ်ရှုပြီးဖြစ်ကြောင်း၊ ပေါ်တာ အထမ်းသမား ကိစ္စများ၊ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေခြင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိတိကျကျ ရေးသား ဖော်ပြထားသော်လည်း အစီရင်ခံစာ၏ ထိရောက်မှုကိုမူ သူသံသယ ဖြစ်မိကြောင်း ပြောသည်။ “ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက ထိထိရောက်ရောက် အရေးယူမှသာ အစီရင်ခံစာက အဓိပ္ပါယ်ရှိမှာ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။ “မြန်မာသံအမတ်ကြီးရဲ့ ငြင်းဆိုမှုက ဘာဆိုလိုသလဲ ဆိုရင် စစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗြောင်လိမ်နေတယ် ဆိုတာနဲ့ သူ့ (ကင်တားနား) ရဲ့ အစီရင်ခံစာကို ငြင်းဆိုနေတာဘဲ” ဟု သူက ဆက်လက် ပြောကြားသည်။ ဤအတောအတွင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့ - မြန်မာနိုင်ငံ (AAPP-B) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေသည် တနေ့တခြား ပိုမို ဆိုးရွားလာလျက် ရှိသည်ဟု ပြောဆိုလိုက်သည်။ AAPP-B ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံရလျက်ရှိသော နိုင်ငံရေး အကျဉ်းသားပေါင်း အနည်းဆုံး ၂၁ဝဝ ရှိသည်ဟု ဆိုသည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွါးခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများအပြီး နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၂ ဆ တိုးသွားခဲ့သည်ဟု ဆိုပါသည်။ “စစ်အစိုးရက ဒီလိုငြင်းတာ အသစ်အဆန်း မဟုတ်ပါဘူး၊ ဘာသက်သေမှ မပြနိုင်ဘဲ ခုလို အကြောင်းပြချက်တွေ ပေးနေကျဘဲ” ဟု ဦးဘိုကြည်က ပြောသည်။ သို့သော် သူ့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ နေထိုင်မှုဘဝ ဆိုးရွား ယိုယွင်းလာခြင်းအတွက်ကိုမူ စိတ်ပူမိကြောင်း ပြောသည်။ နိုင်ငံရေး အကျဉ်းသားများသည် သင့်တော် ကောင်းမွန်သည့် ဆေးဝါးကုသပေးမှုကိုလည်း မရရှိဘဲ စိတ်ပိုင်းရော၊ ခန္ဓာကိုယ်အရပါ ညှဉ်းပန်း နှိပ်စက်ခံနေရသည်ဟု သူကပြောသည်။ “နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာ ဖြေးဖြေးချင်း တတိတိ သေဆုံးနေကြတာ” ဟု မြန်မာနိုင်ငံတွင် ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သူ ဦးဘိုကြည်က ပြောသည်။ |
မဇ္ဈိမသတင်းဌာန |
သောကြာနေ့၊ မတ်လ 20 2009 12:39 - မြန်မာစံတော်ချိန် |
နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကြက်ခြေနီအသင်းမှ နေအိမ်များ ဆောက်ပေးရာ ဒေသအာဏာပိုင်များက အလွဲသုံးစားလုပ်သဖြင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာသား ၂ဝ ခန့်သည် တွံတေးမြို့သို့ ယနေ့ ချီတက်ဆန္ဒပြကြသည်။ ကျောက်တံတား ကားလမ်းမကြီးတလျှောက် ချီတက်လာကြကာ တွံတေးမြို့နယ် အေးချမ်းသာရေး မယက ရုံးရှေ့ရှိ လေဘေး ပြန်လည်ထူထောင်ရေးဌာန တည်ရှိရာသို့ သောကြာနေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးတည်ဆန္ဒပြခြင်းဖြစ်သည်။ ဇီးဖြူကုန်းကျေးရွာမှ ဆန္ဒပြသူများထဲတွင် ကိုအံသီး၊ ကိုမြင့်လွင်၊ ကိုဇော်ဝင်း၊ ဒေါ်ကြည်၊ ဦးမြင့်ဌေး၊ ဒေါ်တရုတ်မ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဌေးဝင်း၊ ဒေါ်အေးသွယ်၊ ဦးအေးနိုင်၊ ဒေါ်ကြည်အေး၊ မောင်အေးစန်း (အညာသား)၊ ကိုအောင်ဝင်းနိုင်၊ ဒေါ်သာပင်၊ ဦးမျိုးထွန်း၊ မခင်မျိုးနွယ်၊ ဦးမောင်သန်းတို့ ပါဝင်သည်။ သူတို့ကို တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေက ဦးဆောင်လာခဲ့ခြင်းပြီး အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေနှင့် စည်းရုံးရေးအဖွဲ့ဝင်များက ဝန်းရံပေးထားသလို၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း စောင့်ကြပ်ခဲ့သည်။ ''အခုဆိုရင် ချီတက်ဆန္ဒပြသူတွေဟာ ရုံးကို ရောက်ရှိနေပါပြီ။ သူတို့ လိုအပ်နေတဲ့ ဟာတွေကို ထပ်မံဖြည့်ဆည်း ပေးဖို့အတွက် လက်မှတ်ထိုးပြီး တောင်းဆိုချီတက်တာပါ။ အခုလက်ရှိတော့ ကြွေးကြော်သံတွေ မပါသေးဘူး။ စကားတွေပြောပြီး တက်သွားတယ်။ ဘယ်လိုတုံ့ပြန်မလဲ မသိသေးဘူးခင်ဗျ။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကို အာဏာပိုင်တွေက ဖမ်းမယ်၊ အရေးယူမယ်ဆိုရင် ကြွေးကြော်သံတွေနဲ့ တောင်းဆိုသွားမှာ ဖြစ်တယ်'' ဟု ဆန္ဒပြသူများကို ဝိုင်းရံပေးနေသူ အန်အယ်ဒီ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။ ၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိုးအိမ်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နိုင်ငံကာ အစိုးရမဟုတ်သော အဖွဲ့ - အန်ဂျီအိုများနှင့် ပူးပေါင်းကာ တအိမ်ထောင်လျှင် ကျပ်ငွေ ၄ သိန်း တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာထွန်းမြင့်က ''ကျနော်တို့မှာ နိုင်ငံတကာ ကြက်ခြေနီအသင်းက အကူအညီနဲ့ နာဂစ်ဒေသမှာ မြို့ ၁၃ မြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်လုပ်နေတယ်။ အခုတော့ ၉ မြို့တော့ ရုံးခွဲတွေ ၉ ခု ရှိတယ်။ အိမ်အလုံးပေါင်း ၈ဝဝဝ ဆောက်မယ်။ တအိမ်ကို ၄ သိန်းဆိုတာ မှန်ပါတယ်။ ပထမတုန်းကတော့ ၃ သိန်း၊ အခု ၁ သိန်း ထပ်တိုးပေးထားပါတယ်။ သက်ကယ်၊ ဓနိမိုးမယ်၊ ဝါးနဲ့ပေါ့'' ဟု ပြောသည်။ မြို့နယ် ၉ မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၆၁ အုပ်စု ရွေးထားရာ အချို့ကျေးရွာအုပ်စုများတွင် အိမ်ခြေ ၂ဝဝဝ ကျော်အထိ ရှိသည်။ နေအိမ်များ ပေးအပ်ရန်အတွက် မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးခဲ့ရာ မြို့နယ် ဆရာဝန်ကြီး၊ ပညာရေးမှူးတို့၏ ကြီးကြပ်မှုကို ခံယူကာ တမြို့နယ်လျှင် လက်ထောက် ၄ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်။ ဒေါက်တာထွန်းမြင့်က ''သူတို့(ကော်မတီဝင်များ)က ရွာတွေကို ဆင်းရမယ်။ သူတို့နဲ့ ရွာက လူကြီးတွေနဲ့ ရွာသူရွာသားတွေ ငြှိရမယ်။ ကျနော်တို့ ပေးထားတဲ့ သတ်မှတ်ချက် စံနှုန်းတွေ ရှိတယ်။ အဖိုးကြီး၊ အဖွားကြီးတွေ ဦးစားပေးရမယ်။ သူများအိမ်မှာ ကပ်နေရတဲ့ သူတွေကို ဦးစားပေးမယ်။ မုဆိုးမတွေကို ပို ဦးစားပေးမယ်။ အဲဒီလို အချက်တွေ အများကြီး ရှိတယ်'' ဟု ပြောသည်။ ကျေးရွာများတွင်လည်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့များအထိ ဖွဲ့စည်းပေးခဲ့ကြသည်။ ဇီးဖြူကုန်းကျေးရွာတွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေ၊ အတွင်းရေးမှူး ဦးအေးကို၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ဆန်း၊ ဒေါ်ခင်မာကြည်၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ယုတင်၊ ဒေါ်အေးအေးမြင့်၊ ဦီးအောင်စန်း၊ ဦးမြင့်ဦး၊ ဦးလှကြိုင်၊ ကိုဝင်းအောင်နှင့် ကိုချစ်ကို ဖြစ်သည်။ |
| |
13 March 2009 | |
ဒီကနေ့ကျရောက်တဲ့ (၂၁) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ပေါင်း ၈ သိန်းကျော် ကောက်ယူစုဆောင်းတဲ့ လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်ပါတယ်။ ဒီလို ကောက်ယူစုဆောင်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ကို နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်ပြီး ပြန်လှန်သုံးသပ်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဦးဆောင်လှုပ်ရှားသူ တယောက်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ကောက်ယူစုဆောင်းရတဲ့ ရည်ရွယ်ချက်ကို ဒီလှုပ်ရှားမှုကော်မတီမှာ ဦးဆောင်ပါဝင်သူ တယောက်ဖြစ်တဲ့ ဒေါ်ခင်ဥမ္မာ က အခုလို ပြောပါတယ်။
“အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ထောင်ထဲက မလွတ်သေးဘဲနဲ့ မြန်မာနိုင်ငံမှာ ဘာနိုင်ငံရေး အဖြေထုတ်မှုမှ လုပ်လို့မရဘူး။ အဲဒါ စစ်မှန်တဲ့နိုင်ငံရေး အဖြေထုတ်မှု ဖြစ်မှာမဟုတ်ဘူး။ အဲဒါ ကျမတို့ ယုံကြည်တာ။ သူတို့ ပထမဆုံး အကျဉ်းထောင်ကနေ လွတ်မြောက်လာဖို့ လိုတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက နောက်တဆင့်တက်ဖို့ဆိုရင် သူတို့ လွတ်မြောက်ပြီးတဲ့တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် တို့ပါဝင်တဲ့ ဦးခွန်ထွန်းဦး တို့ ပါဝင်ပြီးတော့ နအဖ နဲ့ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီးမှ ပြင်ဆင်ရေးဆွဲတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့လိုမယ်။ အဲဒီနည်းနဲ့ပဲ ပြဿနာတွေကို ဖြေရှင်းလို့ရမယ်။ ဒါကြောင့်မိုလို့ အဲဒါတွေဖြစ်ရမယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲက ဒီပုံစံနဲ့တော့ ဖြစ်လို့မရဘူး။ ကျမတို့ နိုင်ငံတကာကို ပြောနေတာက။ ဘယ်ရွေးကောက်ပွဲပဲလာလာ ဘယ်နှစ်ခုနှစ်မှပဲလာလာ အရင်ဆုံးလုပ်ရမယ့်အဆင့်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရမယ်။ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီးတော့မှ အတူတူပါဝင်တဲ့ ပူးပေါင်းပါဝင်ပြီးတော့ အဖြေထုတ်ထားတဲ့ နိုင်ငံရေး သဘောတူညီမှုတခု ကနေပြီး နောက်တဆင့်တက်တာမျိုး ဖြစ်ရမယ်။”
ဒါကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သိနိုင်အောင်အတွက် ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ကောက်ယူ စုဆောင်းပြီး တင်ပြတာဖြစ်တယ်လို့ ဒေါ်ခင်ဥမ္မာ က ဆက်ပြောပါတယ်။
သတ်မှတ်ထားတဲ့ လက်မှတ်အရေအတွက် ရရှိတဲ့အခါမှာ ကုလသမဂ္ဂကို တင်ပြဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ အရေးယူဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို လက်မှတ်ကောက်ယူတဲ့ ကာလအတွင်းမှာ ဆွေးနွေးပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာမိန်းကလေးတယောက်ကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။
“တဦးတယောက်ချင်းလုပ်ရင် ဘာဖြစ်လာမလဲ မသိရပေမယ့် အားလုံးဝိုင်းပြီးတော့ လက်မှတ်ထိုးပြီးတော့ စုပေါင်းတောင်းဆိုမယ် ဆိုရင်တော့ တကယ်လွတ်မြောက်လာမယ်လို့ ယုံကြည်တဲ့စိတ်တော့ ရှိတယ်။ အရင်တုန်းက ထိုးခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ထိထိရောက်ရောက် ဖြစ်လာတာ မရှိဘူးဆိုပေမယ့် တကယ် မရှိဘူး ဆိုတဲ့ဟာကို ဒီအတိုင်းပြန်ထားလို့လည်း မရဘူး။ ဒါကြောင့်မို့ မရှိ ရှိအောင်တော့ ၀ိုင်းပြီးတော့ ၀ိုင်းလုပ်ရမှာပဲလို့ ကျမ ယုံကြည်တယ်။ ကိုယ့်မြန်မာနိုင်ငံရဲ့ ပြဿနာကို နိုင်ငံတွင်းက မြန်မာပြည်သားတွေသာမက အပြင်မှာရောက်နေတဲ့ နိုင်ငံသားတွေကလည်း မြန်မာနိုင်ငံသားတွေပဲ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် အတွင်းအပြင် အားလုံး ပူးပေါင်းပြီးပါမှ ရမယ်လို့ ကျမ ယုံကြည်ပါတယ်။”
ဒီကနေ့ကျင်းပတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အခမ်းအနားကို တက်ရောက်စကားပြောတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မလဲ့လဲ့ ကတော့ ဒီလှုပ်ရှားမှုအပေါ် အခုလို သုံးသပ်ပါတယ်။
“ဒီ Signature Campaign လှုပ်ရှားမှုကို စတင်နေတဲ့အတွက်ကြောင့်မိုလို့ စစ်အစိုးရကြီး ပြောင်းလဲချင်မှ ပြောင်းလဲမယ်။ ဒါပေမယ်လို့ အနိမ့်ဆုံးအဆင့်ကတော့ ကျမတို့ ထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ကျမတို့ သူငယ်ချင်းတွေ၊ တခြား နိုင်ငံရေးအကျဉ်းသား ရဲဘော်တွေ အနေနဲ့ - သြော် ငါတို့အတွက် လုပ်နေကြပါလားပေါ့နော်။ အပြင်မှာရောက်နေပေမယ့် ငါတို့ အတွက် လုပ်နေကြပါလား ဆိုတဲ့ အသိစိတ်တွေ ၀င်လာရင် သူတို့အတွက် အင်အားရှိမယ်လို့ ကျမ မျှော်လင့်ပါတယ်။”
လက်မှတ်ကောက်ယူစုဆောင်းတာကို ဒီကနေ့ကနေ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်မယ့် မေလ ၂၄ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။
ကောက်ယူမယ့် လက်မှတ်အရေအတွက်ကတော့ ၁၉၈၈ ခုနှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အမှတ်တရဖြစ်စေဖို့ ၈၈၈,၈၈၈ ခု ကောက်ယူဖို့ ရည်ရွယ်ထားပါတယ်။
ဒီလို လက်မှတ်ကောက်ယူတဲ့ အခမ်းအနားကို ဘန်ကောက်မြို့မှာလည်း တပြိုင်နက်တည်း ကျင်းပခဲ့သလို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်က တချိန်တည်းဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း လက်မှတ်ကောက်ယူရေး လှုပ်ရှားမှု ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီး ၁၈၆ ယောက် အပါအ၀င် နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၁၃၇ ယောက်ရှိကြောင်း မှတ်တမ်းပြုစုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကို ယနေ့ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့မှ တာဝန်ရှိသူများက ပြောသည်။
အဆိုပါလှုပ်ရှားမှုတွင် နိုင်ငံပေါင်း (၂၄) နိုင်ငံမှ အဖွဲ့အစည်းပေါင်း (၁၆၇) ခုက ပူးပေါင်းပါဝင်ရန် လက်မှတ်ရေးထိုး ထားပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံထားရမှု (၆) နှစ်ပြည့်မြောက်မည့် မေလ (၂၄) ရက်အထိ (၇၃) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကာ လက်မှတ်ပေါင်း (၈၈၈၈၈၈) ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDB မှ ဒေါက်တာနိုင်အောင်က ပြောသည်။
“အရင်ကလည်း ဒီလိုလက်မှတ်ရေးထိုးလှုပ်ရှားမှုတွေလုပ်ပြီး ယူအန်ကိုတင်ခဲ့ဖူးတယ်ဆိုပေမယ့် အခုချိန်ကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်တာရှိတယ်။ နောက် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံ သွားရောက်ရေး ခရီးစဉ် ရှိမယ်။ အဲဒါလေးတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပေးမယ်ပြောတယ်။ နောက် အတိုက်အခံတွေဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်သုံးသပ်ပေးဖို့ ပြောတယ်။ တကယ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရပါမယ်။ နောက် သူတို့အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ နောက် မစ္စတာဘန်ကီမွန်းအနေနဲ့ သူရဲ့ လုပ်ကိုင်ခွင့်အပြင် ပုဂ္ဂိုလ်ရေး အရပါ နအဖအစိုးရအပေါ် တွန်းအားပေးတာတွေ လုပ်နိုင်ဖို့ပါ” ဟု ဒေါက်တာနိုင်အောင်က ရှင်းလင်းပြောဆိုသည်။
လက်မှတ်ကောက်ယူမှုများကို လူစည်ကားသောနေရာများတွင် ကောက်ယူခြင်း၊ ဓာတ်ပုံပြပွဲ၊ ပါဖောင်းမင့် ပြပွဲများ ပြုလုပ်ရာမှတဆင့် ကောက်ယူခြင်းများအပြင် လှုပ်ရှားမှုတွင်ပါဝင်သော အဖွဲ့အစည်းများပိုင် ၀ဘ်ဆိုက်များမှတဆင့် အွန်လိုင်းအသုံးပြုကောက်ခံခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။
လှုပ်ရှားမှုတွဲဖက်အဖွဲ့တခုဖြစ်သည့် AAPP မှ ကိုတိတ်နိုင်က “အရင်ကတော့ နယ်စပ်မှာပဲ လက်မှတ်ကောက်ယူမှု တွေ လုပ်နိုင်ခဲ့တာပါ။ အခုကတော့ ကမ္ဘာတ၀န်း လုပ်ဆောင်သွားမှာပါ။ ဒီနေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ လက်မှတ်တွေ စတင်ကောက်ယူနေပါပြီ။ လာမယ့် မေလ (၂၄) ရက်အထိ တောက်လျှောက်လုပ်သွားမှာပါ။ အဲဒီရက်မှာ နအဖအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင်ပေး၊ မပေးရင် ထောင်ထဲထည့်ရတော့မယ့် ကာလပါ။ အဲဒီအခြေအနေကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက သိမြင်နိုင်အောင်လို့ပါ။ မစ္စတာဘန်ကီမွန်းအနေနဲ့လည်း ကုလသမဂ္ဂလုပ်ဆောင်ခွင့်အပြင် အထွေထွေအတွင်းရေးမှူးချုပ်ဆိုတဲ့ ရာထူးကိုအသုံးပြုပြီး နအဖစစ်အစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆိုဖို့၊ ဖိအားပေးဖို့၊ အရေးယူဖို့ ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုဝိုင်း | |
သောကြာနေ့၊ မတ်လ 13 2009 20:07 - မြန်မာစံတော်ချိန် | |
(ဦးဝင်းတင်နှင့် အင်တာဗျူး)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဆရာဦးဝင်းတင်သည် ယမန်နေ့က အသက် ၇၉ နှစ် မွေးနေ့ကျရောက်ခဲ့သည်။ စု-လွှတ်-တွေ့ နှင့် ရံသုံးရံ တို့၏ ပိုင်ရှင်အတွက် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်များက ရန်ကုန်မြို့၌ မွေးနေ့ပွဲကျင်းပပေးခဲ့သည်။ ၁၉ နှစ်တာ အကျဉ်းကျခံခဲ့ရသူ သတင်းစာဆရာတဖြစ်လဲ နိုင်ငံရေးသမားကြီးက နိုင်ငံရေးအကျဉ်းသားများကို ကူညီရန် အားသန်သူလည်း ဖြစ်သည်။ မွေးနေ့အမှတ်တရ စကားများအတွက် မဇ္ဈိမက ဆရာကြီးကို ဆက်သွယ်မေးမြန်းထားသည်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတဲ့နေရာမှာ နိုင်ငံရေးသဘောအရထက် တိုက်ရိုက်လုပ်ပေးနေတာတွေများ ရှိပါသလားခင်ဗျာ။ ရှိတာပေါ့ဗျာ။ နိုင်ငံရေးအားဖြင့်လည်း ကျနော်တို့က သူတို့ကို လွှတ်ပေးရေးကိစ္စတွေကို အစဉ်တစိုက် တောင်းဆိုနေတာပဲ။ တခြားသော နိုင်ငံရေးအဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံတဲ့အခါမှာ ဒါတွေပြောတယ်။ ပြည်ပအဖွဲ့အစည်းများနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ဒါတွေတင်ပြတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်ရေးဟာ ကျနော်တို့ရဲ့ အဓိကအကျဆုံး ကိစ္စရပ်တရပ်အနေနဲ့ သဘောထားပြီးတော့ လုပ်ဆောင်နေတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင် မိတ်ဆွေတွေ၊ သားချင်းတွေ၊ တပည့်တွေ စသည်ပေါ့ဗျာ ကျနော့်ကို ငွေလေးဘာလေး ထောက်ပံ့ကြတယ်ဗျ။ ကျနော် ဒီကနေ့ အသွားရောအပြန်ရော ဘတ်စ်ကားစီးနေတာ။ ဘတ်စ်ကားက ၂၀၀ လောက် ခရီးပေါ့ဗျာ။ တက္ကစီနဲ့ စီးသွားရင် ၄,၀၀၀ လောက် ကျမယ့်ခရီး။ အဲဒီအခါမှာ ကျနော့်မှာ ငွေပိုတွေ ထွက်လာတယ်။ အဲဒီငွေတွေကို ဘာမှ ကျနော် မသုံးစွဲဘဲနဲ့ ဒီအကျဉ်းသားတွေအတွက် ကူညီနိုင်သမျှပေါ့ဗျာ၊ ကူညီတာ။ မုံ့လေးတထုပ်ပဲဖြစ်ဖြစ်၊ ဆေးလေး တဗူးပဲဖြစ်ဖြစ်၊ ကော်ဖီထုတ်ကလေး တထုပ်ပဲဖြစ်ဖြစ်ပေါ့။ ဥပမာ စနေနေ့မနက်တိုင်းလိုလိုမှာ အင်းစိန်ထောင်ဗူးဝကို အမြဲသွားကြည့်နေတာပဲ။ ထောင်ဝင်စာတွေ့တဲ့လူတွေ ဇနီးသားမယားတွေ လာကြရင်လည်း ကျနော် အနည်းဆုံးတော့ နှုတ်၏ ဆောင်မခြင်းပေါ့ အားပေးစကားပြောနိုင်တယ်။ မုံ့လေး၊ ကော်ဖီလေး ကူညီနိုင်တယ်။ ဒါတွေ ကျနော် လုပ်နေတာပဲဗျ။ ဒီနေ့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ ငါတို့ဟာ အမေ့ခံအကျဉ်းသားတွေပါလား ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိဘဲနဲ့ ထွက်လာစေချင်တယ်ဗျာ။ ထောင်ထဲမှာ နေခဲ့တုန်းက “ထူထောင်ရမယ်။ ထိန်းသိမ်းရမယ်။ ထိုင်မနေနဲ့။ ထိတွေ့ရမယ်” ဆိုတဲ့ ထ’ လေးလုံး အယူအဆတခုကို လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား ခင်ဗျာ။ ကျနော်လုပ်တာ မဟုတ်ဘူး။ တခြားလူတွေ လုပ်တာဖြစ်လိမ့်မယ်။ သိတယ် ကျနော်။ လူတွေအားလုံးကတော့ ဝိုင်းလုပ်ကြတာပါပဲ။ ကျနော်ကတော့ “စု-လွှတ်-တွေ့” တို့ “ရံ သုံးရံ” တို့ဆိုတာတော့ ကျနော် လုပ်ခဲ့တယ်ဗျ။ အကြံကောင်း ဉာဏ်ကောင်းတွေ၊ စိတ်ကူးကောင်းတွေ၊ အစီအမံကောင်းတွေ၊ လုပ်ငန်းစဉ်ကောင်းတွေဟာ ထောင်ထဲမှာ အမြဲတမ်း ပေါ်ထွက်နေတာပဲဗျ။ ထ’ လေးလုံးဆိုတာ ကျနော် ကြိုက်လည်းကြိုက်တယ်၊ သဘောကျတယ်၊ ကောင်းတယ်။ ကျနော် ချီးကျူးပါတယ်။ ဘယ်သူလုပ်မှန်း အတိအကျ မသိရတဲ့ အဲဒီ ထ’ လေးလုံး အယူအဆဟာ ဒီနေ့ အချိန်အခါနဲ့ ကိုက်ညီမှု ရှိတယ်လို့ ယူဆပါသလားခင်ဗျာ။ သိပ်ရှိတာပေါ့ဗျာ။ ဒီနေ့တင်မဟုတ်ဘူးဗျ။ အမြဲတမ်း ရှိနေတာပဲ။ ထောင်ထဲမှာ နေတယ်ဆိုတာက ပထမဦးဆုံး ထောင်ထဲက ဘဝကို ရင်ဆိုင်ရတာကိုးဗျ။ ဒုတိယကတော့ ပြင်ပနိုင်ငံရေးဘဝကို မျှော်မှန်းပြီးတော့ ချုပ်မိအောင် ကြိုးစားရတာကိုး။ ထောင်ထဲမှာနေတုန်းလည်း ဒီစကားဟာ အရေးကြီးတဲ့ စကားပဲ။ ထောင်ထဲမှာဆိုတာ ဘဝတွေက ပျက်နေကြတာဗျ။ ဒုက္ခ သိပ်ရောက်ကြတယ်။ ကျနော်တို့ နေရတာတောင်မှ အကောင်းစားတောင်မှ ပြောနိုင်တယ်။ ရန်ကုန်မှာတင် ကျနော်က နေခဲ့ရတာကိုး။ ဒီနေ့ခေတ်ကျတော့ ဟိုး ဝေးလံခေါင်ဖျားတွေမှာ နေရတဲ့အခါကျတော့ ဘဝပျက်မယ့်လူတွေ အများကြီးရှိမယ်။ အဲဒီအခါမှ ကိုယ့်ဘဝကို ကိုယ်ထူထောင်ရမယ်လို့ ကျနော်က အဲဒီလိုပဲ အဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။ ချမှတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ဘယ်လိုရည်မှန်းချက် ကျယ်ပြန်တဲ့ ဟာတွေ ရှိမှာပေါ့ဗျာ။ နောက်တခုက ထိန်းသိမ်းရမယ်ဆိုတာမျိုးကလည်း ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ဘဝတခုလုံး၊ သို့မဟုတ်လည်း ကိုယ့်ရဲ့အယူအဆ၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့အပေါင်းအသင်း၊ အသိုင်းအဝိုင်း ဒါတွေဟာ အကုန်လုံး အကျုံးဝင်တာပဲဗျ။ သာမန်တင် မကတော့ဘူး။ ထောင်ထဲမှာ ကျဉ်းကျဉ်းလေး နေရတဲ့ အခါကျတော့ အပေါင်းအသင်းကို ထိန်းသိမ်းထားရမယ်။ ကိုယ့်ရဲ့ နိုင်ငံရေးနဲ့ ရည်မှန်းချက်တွေကို ထိန်းသိမ်းထားရမယ်။ ထိုင်မနေနဲ့ဆိုတာကျတော့ ထောင်ထဲကျတော့ လူတွေက တခါတလေ စိတ်ပျက်တယ်ဗျ။ စိတ်ပျက်တော့ ဘာလုပ်ရမှန်းလည်းမသိဘူး။ ကိုယ့်အခန်းကျဉ်းလေးထဲမှာပဲ ငုတ်တုတ်လေးထိုင်ပြီးတော့ ဟိုငေးဒီငေး ငေးတာပေါ့။ ဒါကြောင့် ထိုင်မနေနဲ့ ဆက်သွယ်လို့ရအောင် အော်သင့်အော်ရတယ်ဗျာ။ တခါတလေ ဆေးလိပ်တိုထဲ စာထည့်ပြီးတော့ ပေးသင့်ပေးရတယ်ဗျာ။ သို့မဟုတ်လည်း ကိုယ်စားမယ့် အစားအစာကို အပြင်မှာ လွတ်လွတ်လပ်လပ် သွားလာနေရတဲ့ သာမန်အကျဉ်းသားတွေကို ပေးလိုက်ပြီးတော့ အဲဒီလူတွေကတဆင့် ဆက်သွယ်ရေးတွေ လုပ်ရတယ်။ အဲဒါ ထိုင်မနေတာပဲဗျ။ ထိုင်မနေနဲ့တင်မကဘူး ရုန်းကန်ကြ၊ လှုပ်ရှားကြ၊ ထွက်ပေါက်ရှာကြ၊ ဖောက်ထွက်ကြဆိုတဲ့ သဘောပါပဲဗျာ။ ထိတွေ့ရမယ်ဆိုတာက သာမန်ပြောရင်တော့ မိတ်ဆွေတယောက်နဲ့ တယောက် ထိတွေ့အောင် လုပ်ရတယ်။ တခါတလေ တယောက်ထဲ ပိတ်မိနေတယ်။ ဒီလိုပဲ ငုတ်တုတ်မနေဘူးပေါ့ဗျာ။ တံခါးခေါက်တယ်ဗျာ၊ လှမ်းအော်တယ်ဗျာ။ အပြင်က ကျန်တဲ့ ရဲဘော်တွေနဲ့ ထိတွေ့အောင် လုပ်ရတယ်။ ပြင်ပလောကနဲ့လည်း ထိတွေ့အောင်လုပ်တာပဲဗျ။ ပြင်ပက သတင်းတွေ၊ နိုင်ငံရေးစကားတွေ ဘယ်လိုရမလဲ။ ပြန်ပြီးတော့ message တွေ ဘယ်လိုပေးရမလဲ။ ဒီအယူအဆဟာ ထောင်တွင်းဘဝနဲ့ပဲ သက်ဆိုင်တာလား။ ထောင်ပြင်ပ ဘဝနဲ့ရော ဆက်စပ်လို့ရပါသလားခင်ဗျာ။ ဒါဟာ ထောင်ထဲ ဘဝနဲ့လည်း ဆိုင်တယ်။ လူ့ဘဝ တခုလုံးနဲ့လည်း ဆိုင်တယ်ဗျ။ ပြင်ပရောက်လာတဲ့ အခါကျလည်း စိတ်ပျက်စရာဖြစ်ပြီး ငါ့လည်း ကူညီမယ့်လူ မရှိဘူး။ ငါလည်း ဘာမှမလုပ်နိုင်တော့ဘူး။ ငါတော့ ထိုင်နေရုံပဲဆိုတာမျိုး မဖြစ်စေနဲ့။ ကိုယ့်ဘဝကိုယ် ဘယ်လိုထူထောင်မလဲ။ ထောင်ထွက်တယောက်ဗျာ။ ဘဝပျက်လာတယ်။ လူတွေနဲ့ အဆက်အသွယ်ပြတ်၊ ပြည်သူ့ဘဝတွေနဲ့ အဆက်သွယ်ပြတ်၊ နိုင်ငံရေးနဲ့လည်း အဆက်အသွယ်ပြတ်။ ကိုယ့်ဘဝကို နိုင်ငံရေးအားဖြင့် ထူထောင်ရတယ်၊ ရပ်တည်လာနိုင်တယ်၊ ပြည်သူ့အကျိုး ဆောင်မယ်ဆိုတဲ့ စွမ်းအားတွေရလာတယ်။ အဆက်အသွယ်တွေ ပြန်ရလာမယ်။ နောက် ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ထိန်းသိမ်းရတော့မယ်။ နောက် အိမ်မှာတင် စိတ်ပျက်ပြီးတော့ ဒီအတိုင်း ထိုင်မနေနဲ့ အလုပ်မရှိရင် အလုပ်ရှာရမှာပေါ့ဗျာ။ နိုင်ငံရေးလုပ်စရာမရှိရင် နိုင်ငံရေးလုပ်စရာ ရှာရမယ်ဗျာ။ အတွေးသစ်၊ အမြင်သစ်၊ အယူအဆသစ်တွေ ရစရာရှိတာတွေကို လုပ်ကြရမယ်ဆိုတဲ့ဟာက လမ်းညွှန်လို ဖြစ်လာတယ်ဗျ။ အလားတူပဲ ထိတွေ့မှုရှိရမယ်ဆိုတာ အိမ်မှာ စိတ်ပျက်ပြီး ထိုင်မနေဘူး။ အပြင်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ထိတွေ့ရတယ်။ တိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့လည်း ထိတွေ့ရမယ်။ ပြည်သူတွေနဲ့ ထိတွေ့ရမယ်။ အဆက်ပြတ် မခံရဘူး။ ဒီဟာတွေဟာ ဘဝလမ်းညွှန်တွေ ဖြစ်လာတယ်ဗျ။ ထောင်ထဲမှာ ထောင်သားဘဝအနေနဲ့ လမ်းညွှန်ဖြစ်သလို ပြင်ပဘဝ ရောက်တဲ့အခါလည်း ပြင်ပဘဝလမ်းညွှန် ဖြစ်ပါတယ်။ ကျနော် သိပ်ပြီးတော့ ကျေးဇူးလည်း တင်တယ်။ အမှတ်လည်း ရတယ်။ လေးလည်း လေးစားတယ်။ ဒီလို ဆရာလုပ်တာလားလို့မေးတဲ့အတွက် သိပ်ပြီးတော့ ဝမ်းသာတာပဲဗျာ။ ရှင်းရှင်းပြောရရင် စာပေဆု တဆုရသလို ဝမ်းသာပါတယ်။ ကျနော့်ထက် ပိုပြီး အမြော်အမြင်ရှိတဲ့ အကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လူငယ်ဖြစ်ရင်ဖြစ်မယ်၊ လူကြီးဖြစ်ရင် ဖြစ်မယ်ပေါ့ဗျာ။ အဲဒီလူတွေရဲ့ လုပ်ဆောင်ချက်ပါ။ ဒီဖန်တီးချက်ကို ကျနော် အပြည့်အဝ ထောက်ခံပါတယ်။ ကျနော်လည်း ဒီအယူအဆတွေအတိုင်း ကျင့်သုံးပါတယ်။ ‘စု-လွှတ်-တွေ့’ ဆိုတာ ဒီကနေ့ လက်တွေ့အခြေအနေနဲ့ရော ကိုက်ညီသေးတယ်လို့ ဆရာ ယူဆပါသလားခင်ဗျာ။ ယူဆပါတယ်ဗျာ။ ဒေါ်စုအပါအဝင် မြောက်မြားစွာသော ပုဂ္ဂိုလ်တွေဟာ ဒီနေ့အထိ မလွတ်သေးဘူးဗျာ။ ကျနော်တို့သာ အကြောင်းအားလျော်စွာ ဘယ်လိုလွတ်လာတယ် မသိဘူး။ သူတို့ပြောလိုက်ရင်တော့ အကျဉ်းသား ၉,၀၀၀ လွှတ်တယ်တို့၊ ၆,၀၀၀၊ လွှတ်တယ်တို့။ ဒါပေမယ်လို့ ၁၀၀ မပြည့်ဘူး။ အယောက် ၂၀ မပြည့်ဘူး ဆိုတာတွေ ဖြစ်နေတဲ့အခါကျတော့။ ထောင်ထဲမှာလည်း ဒီနေ့ကာလမှာ အလွန်အကျွံ အကြီးအကျယ် ဖမ်းခံရပါတယ်ဆိုတဲ့ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ဖြစ်တာတောင်မှ နိုင်ငံရေးအကျဉ်းသားဟာ ၁,၀၀၀ လောက်ရှိတာ။ ဒီနေ့ နိုင်ငံရေးအကျဉ်းသားက ၂,၀၀၀ ကျော်နေပြီဗျာ။ အဲဒီတော့ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတာ ဒီနေ့အထိ ရှိနေတုန်းပဲဗျ။ အလားတူပဲ လွှတ်’ ဆိုတဲ့ဟာကလည်း ၁၉၉၀ ရွေးကောက်ပွဲကို ဒီနေ့အထိ ဒီအစိုးရက လေးစားခြင်း မရှိဘူး။ ပြည်သူက လွှဲအပ်လိုက်တဲ့ အာဏာနဲ့ကို အကောင်အထည်ဖော်ရမယ်ဆိုတဲ့ တာဝန်ကို အခုအထိ သူက ပျက်ကွက်နေတုန်းပဲဗျ။ ဒါကြောင့်မို့လို့ လွှတ်’ ဆိုတဲ့ လွှတ်တော်ခေါ်ယူကျင်းပရေး ဆိုတာဟာလည်း ဒီနေ့အထိ ရှင်သန်နေတုန်းပဲ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့။ ဆိုတဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ၊ တိုင်းသူပြည်သားတွေရဲ့ တောင်းဆိုချက်တွေ၊ နိုင်ငံရေး အင်အားစုများရဲ့ တောင်းဆိုချက်တွေဟာလည်း ဒီနေ့အထိ ရှိနေတုန်းပဲဗျာ။ ‘မကျိုးပဲ့ရေး တရားသုံးပါး’ ကရော ဒီနေ့အခြေအနေမှာ ဆက်ပြီး လုပ်ဆောင်သင့်တဲ့ အယူအဆလို့ ထင်ပါသလားခင်ဗျာ။ ‘မကျိုးပဲ့ရေးသုံးပါး’ ဆိုတာ ကျနော်ထင်တယ် ထောင်ထဲတင် မဟုတ်ဘူးဗျ။ အပြင်မှာလည်း ဒါ အရေးကြီးနေတာပဲ။ ကိုယ့်ကျန်းမာရေး ကိုယ်ထိန်းရမယ်ဗျာ။ ကျနော်ဆို ၇၉ နှစ်ဗျာ။ သို့သော် ကျနော် ကျန်းမာတုန်းဗျ။ ဒီနေ့အထိ ဘတ်စ်ကား စီးတုန်းပဲဗျ။ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးသမားတွေရဲ့ အိမ်တွေလည်း သွားတုန်း၊ နိုင်ငံရေး မုဆိုးမအိမ်တွေ သွားတုန်း၊ မကျန်းမာတဲ့ နိုင်ငံရေးသမားတွေဆီ သွားတုန်းပဲဗျ။ ကျနော့် ကျန်းမာရေး ထိန်းထားနိုင်တာကိုး။ စိတ်ဓာတ်လည်း မကျိုးပဲ့ဘူး။ လုပ်စရာရှိတာ လုပ်နေတာပဲ။ စုဖွဲ့မှုမကျိုးပဲ့အောင်ဆိုတာ ကျနော့်ရဲ့ နိုင်ငံရေးရဲဘော်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ၊ ငါ့ပါတီရယ်လို့ တခုထဲနဲ့ ကျနော် သဘောမထားဘူးဗျ။ အခြား နိုင်ငံရေးအင်အားတွေ မှန်သမျှနဲ့လည်း စုဖွဲ့မှုမပျက်အောင် လုပ်နေတယ်။ ကျနော့်ပါတီထဲမှာလည်း လူငယ်တွေ ၁၀၀ ကျော်လောက် နုတ်ထွက်တယ်။ ကျနော်ကလည်း ပါတီကနေ ထုတ်မပစ်ပါနဲ့။ ဒီလူငယ်တွေရဲ့ အတွေ့အကြုံတွေ၊ စိတ်ဓာတ်တွေ၊ ဖြတ်သန်းမှုတွေကို အဆုံးရှုံးမခံနိုင်ဘူး။ စုဖွဲ့မှု မပျက်အောင် လုပ်နေတာပဲဗျ။ အဲဒါတွေဟာ ကျနော့်ရဲ့ ဘဝလမ်းညွှန်တွေလည်း ဖြစ်ပါတယ်။ ထောင်ထဲမှာတင် ကျင့်သုံးတာမဟုတ်ပါဘူး။ အပြင်မှာလည်း ကျင့်သုံးနေပါတယ်။ လူငယ်တွေ၊ မျိုးဆက်သစ်တွေဟာလည်း ဒီလိုစိတ်ဓာတ်မျိုးတွေ၊ ဒီလိုကျင့်သုံးမှုတွေ၊ ဒီလို အားထုတ်မှုမျိုးတွေ ဖြစ်စေချင်တာပဲဗျာ။ မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကျင်းပနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ်မှာ ထင်ဟပ်ပြီးတော့ ဘာများ သတင်းစကား ပြောချင်ပါသလဲခင်ဗျာ။ ကျနော်တို့ တိုင်းပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အလွန်ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ် ဆိုတာကို တိုင်းပြည်က သိစေချင်တယ်။ အရေးအကြီးဆုံး လက္ခဏာဟာ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်စွာ ကိုယ့်အစိုးရကို ကိုယ် ရွေးကောက်တင်မြှောက်နိုင်တယ်ဆိုတဲ့ လူ့အခွင့်အရေး။ ဒီအခွင့်အရေးကြီးကို ဒီစစ်အစိုးရ ချိုးဖောက်တာဟာ ၁၉၉၀ ပြည့်ကတည်းက ဒီနေ့အထိပါပဲလို့။ အဲဒါကို မမေ့ကြပါနဲ့။ တခြားခြားသော ချိုးဖောက်မှုတွေလည်း အများကြီးပဲ။ ထောင်ကျနေတယ်။ ဖမ်းတာခံနေရတယ်။ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် မရှိဘူး။ ဘုန်းကြီးတွေကို သတ်ဖြတ်နေတယ်။ မြန်မာနိုင်ငံမှာ ဘယ်သူ့ကိုမေးမေး တနည်းမဟုတ်တနည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်။ ဒီချိုးဖောက်မှု ပြင်းထန်တိုင်း ကြောက်ရမှာလား။ လူတွေ မကြောက်ကြပါနဲ့၊ ငုံ့ခံလည်းမနေပါနဲ့၊ မကြောက်တရားကို မွေးပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပျက်ပြားသွားအောင်လို့ တုံ့ပြန်ကြပါ၊ ဆန့်ကျင်ကြပါ၊ ထုတ်ဖော်ပြောကြပါ လို့ပြောချင်ပါတယ်။ အဲဒီလို လုပ်တဲ့နေရာမှာ ငါ့သဘောနဲ့ငါ လုပ်ကြမယ် ဆိုတာနဲ့ မဖြစ်ပါဘူး။ အားလုံး စုပေါင်းပြီးလုပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာကို ကာကွယ်လို့ရတယ်၊ ဆန့်ကျင်လို့ရတယ်၊ တွန်းလှန်ဖယ်ရှားလို့ရတယ်။ ပြုပြင်ပြောင်းလဲလို့ ရတယ်လို့ ကျနော် ပြောချင်တယ်နော်။ နိုင်ငံရေးပါတီများရဲ့ အလံတော်အောက်မှာ လာပြီးတွဲတာလည်း ဖြစ်နိုင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်း ဆန့်ကျင်တွန်းလှန်နေတဲ့ အန်အယ်ဒီလို အဖွဲအစည်းမျိုး ရှိပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း တိုင်းရင်းသား အဖွဲ့အစည်းတွေဆီမှာလည်း ရပါတယ်။ သို့မဟုတ်လည်း လူငယ် ကျောင်းသားများအနေနဲ့လည်း ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့လိုဟာမျိုး၊ လူ့ဘောင်သစ် ကျောင်းသားအဖွဲ့လို ဟာမျိုးတွေ ရှိပါတယ်။ အလားတူပဲ အန်အယ်ဒီအောက်မှာ အမျိုးသမီးအဖွဲ့တွေလည်း ရှိပါတယ်။ အမျိုးသမီးများဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာရှိရင် အန်အယ်ဒီ အမျိုးသမီးအဖွဲ့လိုဟာမျိုးနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။
|
မုံပီး |
သောကြာနေ့၊ မတ်လ 13 2009 20:23 - မြန်မာစံတော်ချိန် |
နယူးဒေလီ (မဇ္ဈိမ) – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က မြန်မာ့ထိန်းသိမ်းခံနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာတဝှမ်းမှပြည်သူများအတွက် ‘မျှော်လင့်ချက်လင်းရောင်ခြည်’ ဖြစ်သည်ဟု ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါသည်။ ကြာသပတေးနေ့ကကျင်းပသည့် အမျိုးသမီများ၏သမိုင်းတလတာ ( Women's History Month ) အစီအစဉ်တွင် နိုင်ငံခြားရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာတဝှမ်းမှ သတ္တိရှိလှသည့် အမျိုးသမီးများကို အတုယူကာလုပ်ဆောင်ကြရန် အမျိုးသမီးများကို တိုက်တွန်းပြော ကြားသွားခဲ့သည်။ “ကျမ မနေ့ကပြောကြားခဲ့တဲ့၊ တတ်နိုင်သလောက်ကျမ မကြာခဏထုတ်ဖော်ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ အတွင်း အချိန်အများစုကို အကျဉ်းကျခံရင်းကုန်ဆုံးခဲ့ရပေမဲ့လည်း ကမ္ဘာတဝှမ်းလုံးက ပြည်သူတွေအတွက် ခွန်အားနဲ့လွတ်လပ်မှုမှာ မျှော်လင့်ချက်ရောင်ခြည်ဖြစ်မြဲဖြစ်နေပါသေးတယ်” ဟု မစ္စကလင်တန်က ပြောသည်။ သူမအနေနှင့် အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်နှင့် သွေးစည်းညီညွတ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး “လွန်ခဲ့သောနှစ်ပေါင်း ၂ဝ အတွင်းအများစုသောအချိန်များတွင် မြန်မာပြည်၌ အကျယ်ချုပ်ဘဝဖြင့်နေထိုင်ခဲ့ရသည့်တိုင် သူမသည် ကမ္ဘာတဝှမ်းလုံးမှ ပြည်သူများအတွက် စိတ်ဓါတ်ခွန်အားဆိုင်ရာ မျှော်လင့်ချက်ရောင်ခြည်ဖြစ်မြဲဖြစ်နေလျက်ပင်ရှိသည်” ဟု ပြောကြားခဲ့သည်။ “သူမ (ဒေါ်အောင်ဆန်းစုကြည်) ပြသခဲ့သော စံနမူနာသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရ လျက်ရှိသည့် အခြားအမျိုးသမီးများ၊ တိုင်းပြည်ပြင်ပသို့ ထွက်ခွါသွားခဲ့ရသူများ သို့မဟုတ် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဘက်မှုကိုခံနေရသူ အခြားအမျိုးသမီးများအတွက် အထူးသဖြင့်အရေးပါသည်” ဟု မစ္စကလင်တန် ကဆက်လက်ပြောကြားသွားခဲ့သည်။ မစ္စကလင်တန်သည်လည်း အခြားအမေရိကန်အစိုးရ အဆက်ဆက်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကိုလွှတ်ပေးရန်၊ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို စတင် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို မကြာခဏ တောင်းဆိုခဲ့သည်။ တိုင်းပြည်အတွင်းရှိ လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် စစ်အစိုးရကို အမေရိကန်ပြည် ထောင်စုကတောင်းဆိုခဲ့ပြီး၊ ဤသို့ အကောင်အထည်ဖော်ရန် ပျက်ကွက်သည်ကို ဒဏ်ခတ်သည့်အနေနှင့် မြန်မာနိုင်ငံအပေါ် တင်းကြပ်သည့် စီးပွါးရေးအရပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဤအတောအတွင်း ထိုသို့ပိတ်ဆို့အရေးယူမှုများသည် မြန်မာစစ်အစိုးရ၏ အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ လိုအပ်သလိုဖြစ်ပေါ် ပြောင်းလဲလာအောင် လုပ်ဆောင်ရာတွင် ထိရောက်မှုမရှိခဲ့သည်ကို ဝေဘန်သူများကထောက်ပြခဲ့ကြသည်။ ဇန်နဝါရီလတွင် ရာထူးလက်ခံအပြီး သူမ၏ ပထမဆုံးအာရှခရီးစဉ်အတွင်း အမေရိကန်အနေဖြင့် ယင်း၏ မူဝါဒများကို ပြန်လည်သုံးသပ်ဖွယ် ရှိကြောင်း မစ္စကလင်တန်က အရိပ်အမြွက်ပြောကြားခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင်ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေငြာထားသော မြန်မာစစ်အစိုးရကမူ သူတို့အနေနှင့် ဒီမိုကရေစီသို့ ရှေးရှုရာ မူဝါဒလမ်းစဉ် ၇ ရပ်အတိုင်းမှန်မှန်ကြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ပြောကြားထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ ယခုစစ်အစိုးရ၏ လမ်းပြမြေပုံအဆင့် ၅ ဖြစ်သော လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်ကို မည်သို့မှထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။ ယခင်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ NLD ပါတီသည် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် မကြာခဏတောင်းဆို ပြောကြားခဲ့သည်။ |
မုံပီး |
ကြာသပတေးနေ့၊ မတ်လ 12 2009 16:10 - မြန်မာစံတော်ချိန် |
နယူးဒေလီ (မဇ္ဈိမ)။ ။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း အင်ဒိုနီးရှားသမတ ဆူဆီလို ဘမ်ဘန်း ယူဒ်ဟိုရိုနိ Susilo Bambang Yudhoyono နှင့် တွေ့ဆုံမှာဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမသို့ ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့သည်။ နေပြည်တော် သတင်းရပ်ကွက်အရ ၀န်ကြီးများ၊ ဒုဝန်ကြီးများပါ လိုက်ပါပြီး အဖွဲ့ဝင် ၅၀ ခန့်ရှိမည့် ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံကိုပါ သွားရောက် လည်ပတ်မည်ဟု သိရသည်။ |
နန်းဒေ၀ီ |
ကြာသပတေးနေ့၊ မတ်လ 12 2009 17:56 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အဓိကဖြစ်သည်ဟု ထိုင်းအခြေစိုက် မြန်မာအတိုက်အခံများက ယနေ့ ပြောဆိုသည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်ရာတွင် အဓိကနှင့် အရေးကြီးဆုံးအဖြစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ပထမဦးဆုံး ခြေလှမ်းဖြစ်ကြောင်း သူတို့က ပြောဆိုကြသည်။ “၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေး ခြေလှမ်းလှမ်းနေတယ်လို့ ပြောနေချိန်မှာ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမှာက ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အကြောင်းအရာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း အေအေပီပီ စာရင်းအရ သိရသည်။ မနက်ဖြန်မှ စတင်ကာ အေအေပီပီနှင့်အတူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - အက်ဒီဘီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ရေးထိုး လှုံ့ဆော်မည့် နိုင်ငံတကာဆိုင်ရာ ကင်ပိန်းကို ပြုလုပ်ကြမည်။ အက်ဒီဘီ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ''တွေ့ဆုံဆွေးနွေးရေးကို ထောင်ထဲမှာ ဓားစာခံလုပ်ပြီး ဆွေးနွေးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အာဏာကို မက်မောတာမျိုး လုံးဝ မရှိဘဲနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ သူတွေပါ။ တိုင်းပြည်မှာ ရေရှည်ဖြစ်လာမယ့် အရေးတွေကို မျှော်ကိုးပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် ဒီလိုလူမျိုးတွေကို ထောင်ထဲမှာ မထားဘဲနဲ့ လွှတ်ပေးမယ်ဆိုရင် ပိုထိရောက်ပါတယ်'' ဟု ပြောသည်။ အက်ဒီဘီသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံအဖွဲ့ ၇ ဖွဲ့ဖြင့် စုပေါင်းထားသည့် အင်အားစုဖြစ်သည်။ ကင်ပိန်ကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်ကာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ပြုလုပ်မည်ဟု ဦးဆောင်သူများက ဆိုသည်။ ကင်ပိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်ရုံးတွင် ဒေသခံ မီဒီယာများ၊ နိုင်ငံခြားသား သတင်းထောက်များ ပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဖြစ်ကာ၊ နိုင်ငံရေး အကျဉ်းသားများ၏ ဘ၀သရုပ်ဖော်ချက်များ၊ ဓာတ်ပုံပြပွဲများပါ ပြသသွားမည်။ မနက်ဖြန် မတ်လ ၁၃ ရက်နေ့သည် “မြန်မာ့လူ့အခွင့်အရေးနေ့” ၂၁ နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့်အပြင်၊ ကင်ပိန်းအဆုံးသတ် ၂၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း ပြည့်ပြီး လွတ်ရက်စေ့ရမည့် နေ့ဖြစ်သည်။ လက်မှတ်များကိုမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ပေးပို့သွားမည်ဟု သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနား၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုလ ၂၁ ရက်နေ့တွင်မူ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ရေး ပါဝင်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ဆိုကာ မြန်မာနိုင်ငံ အကျဉ်းစခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်သာ ပါဝင်ခဲ့သည်။ |
ဖနိဒါ |
ဗုဒ္ဓဟူးနေ့၊ မတ်လ 11 2009 19:34 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင့်အမျိုးသား အစည်းအရုံး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ (ကွယ်လွန်) ၏ အငယ်ဆုံးသား ဗိုလ်ကြီး စောနေစိုးမြသည် နေပြည်တော်ရှိ မြန်မာ စစ်ခေါင်းဆောင် တဦးနှင့် သွားတွေ့သဖြင့် အဖွဲ့မှ ထုတ်လိုက်ကြောင်း ကေအန်ယူ ပြောဆိုချက်အရ သိရသည်။ ကေအန်ယူမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ရယူသည့် အဖွဲ့နှင့်အတူ နေပြည်တော်မှ ဗိုလ်ချုပ်ရဲမြင့်ထံ သွားတွေ့ခဲ့သဖြင့် ကေအန်ယူ၏ တပ်မတော်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) မှ တပ်ခွဲမှူးတဦးဖြစ်သည့် သူ့ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ “သူ့ကို ထုတ်လိုက်တာ နှစ်ပတ်လောက်ရှိပြီ။ တပ်က ထုတ်ထားပြီးပြီ။ သူ့အဖေက အစဉ်အလာ ရှိခဲ့တာပေါ့။ သူ့အဖေက တမျိုးပေါ့လေ။ သူ့ကို အခု ကေအန်ယူကလည်း ထုတ်လိုက်တယ်။ ကေအန်အယ်အေ ကလည်း ထုတ်လိုက်တယ်။ သူက ရန်သူ့ လက်ကိုင်တုတ်တွေနဲ့ သွားပေါင်းတယ်။ ဒါ သိစ္စာဖောက်ပေါ့။ အဖေကောင်းတိုင်း သားမကောင်းဘူးပေါ့နော်” ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်တာကပေါက ပြောသည်။ ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်သို့ လာရောက်နေသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနားထံ ဗိုလ်ချုပ် ထိန်မောင်အဖွဲ့က သွားရောက် တွေ့ဆုံရာ စောနေစိုးမြ လိုက်ပါသွားပြီးနောက် နေပြည်တော်တွင် ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ခဲ့သည့် သတင်းများ ရရှိခဲ့သည်ဟု ကေအန်ယူက ပြောသည်။ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော အဖွဲ့သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကေအန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ကေအင်ယူ-ကေအင်အယ်အေ ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် တိုက်ပွဲဝင်နေသည့် အရှေ့တောင်အာရှတွင် သက်တမ်းအကြာဆုံး အဖွဲ့ဖြစ်သည်။ |
ဘ၀ရဲ့နွမ်းကြေမှုများကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အဖို့ အဓိက အခက်အခဲ များကိုပင် သာမညဖြစ်သွားအောင် ပြုမူနေထိုင်တတ်သော်လည်း ဖိစီးမှုသောကဒဏ်ကို လူမသိသူမသိ လူးလိမ့်ခံစား နေရသည်မှာကား ဓမ္မထာတစ်ခုလို ကျွန်တော့်အတွက် ဖြစ်တည်နေခဲ့သည်..........။
ဘ၀ရဲ့ရုပ်တုကို သရုပ်သကန်ဖော်ရာ၌ မလိုအပ်သော၊ ပိုနေသော အပိုင်းအစများကို ရှင်းလင်း၍ ပီပြင်အောင် ထုဆစ်ရသော်လည်း တိုးတိုက် ထိရှမှု များနှင့် ခက်ခဲကြမ်းတမ်းခြင်းတို့ကိုတော့ ဖြတ်သန်းမှု သမိုင်းအနေဖြင့် ထားရစ်ခဲ့ ရမည်ဖြစ်ပေသည်။..........
အကဲဆတ်၍ တိမ်းစောင်းမရသည့်အပိုင်းသို့ရောက်လျှင် မှန်ကန် တိကျသောဆုံးဖြတ်ချက် သည်ပင်လျှင် ကိုယ့်သံသယဖြင့် ကိုယ်ပြန်ဖတ်ကာေ၀၀ါး တွေဝေတတ်သေးသည်လည်း ရှိသေးသည်။
မလူးသာ၊ မလွန့်သာကျင်လည်ရင်း အရာရာကို သတိဖြင့်ဆင်ခြင်တတ်ရန် သင်ယူခဲ့ပြီးနောက် အချိန်မလောက်ခြင်း၊ အထီးကျန်မဆန်သော်လည်း မသိမသာ ဝေးကွာလာခြင်းနှင့် ရင့်ကျက်မှု အစပျိုးချိန်မှာပင် ဆန့်ကျင်ဘက်နှစ်ခု၏ ရိုက်ခတ်ခြင်း လှိုင်းများကိုပါ ဥပေက္ခာပြု နေနိုင်အောင် ကျနော် ကြိုးစားရမည်လား ဆိုသည်ကိုပင် မဝေခွဲနိုင် ဖြစ်ရပြန်သည်။
ကောက်ကြောင်းတချို့၏စစ်တမ်းများတွင် ဘ၀သည် မျက်လှည့်လိုပင် ဖြစ်နေတတ်ပြန်သည်။
ကောင်းတာလုပ်သည့် ၀န်းကျင်ပင်လျှင် စေတနာနှင့် ဝေဖန်ထောက်ပြသူ နည်းပါးသလောက် ရှုံ့ချ၊ အပြစ်တင်၊ ကဲ့ရဲ့သူတွေ များပြားနေသည်ကို သဘာဝတစ်ခုအနေဖြင့် ရပ်တည်ခဲ့ဖူးသည်။
ကောင်းတာလုပ်သော်လည်း ကောင်းတာမဖြစ်တတ်ခဲ့တာကို တွေ့ရခဲ့သလို.............
ဆိုးပေမယ့် ကောင်းသွားသော အခြေအနေကိုလည်း တွေ့ကြုံရပြန်ပါသည်။
ခြေတစ်လှမ်းမှ မလှမ်းရသေးခင် ကြိုတင်မောပန်းနေခဲ့ဖူးသလို.........
မမောမပန်းပဲ တောင်ထိပ်ရောက်နေသည့်အခါလည်း ကြုံခဲ့ဖူးသည်။
ဤကဲ့သို့ အစွန်းနှစ်ဖက်ကြား ဟိုကပ်၊ ဒီပြေးကျင်လည်ဖြတ်သန်းရင်း ကိုယ့်စိတ်၏အသုံးချခြင်း ကို ခံနေရသည့်သတ္တ၀ါဟုလည်း ကိုယ့်ဖာသာကိုယ် ပြန်ဖတ် နေခဲ့သည့် အကြိမ်တွေဟာလည်း မနည်း တော့။
အရာရာ တက်မက်မှုမရှိအောင် ကျင့်ကြံရင်း၊ ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းတတ်လာချိန်တွင် တန်ဘိုးမရှိဟု သတ်မှတ်ခံရသည်ကိုလည်း အမှတ်မထား နိုင်ပြန်။ မွေးကတည်းက အငိုနှင့်စခဲ့သောဘ၀ကို သေဆုံးသောအခါ ပြီးပြည့်စုံသည့် ကျေနပ်မှု အပြုံးနှင့် သေသွားချင်သည်။
ဤသည်မှာ ကျွန်ုပ် မောင်ပွကြီး၏ ဘ၀အကြောင်းပင် ဖြစ်ပါသည်။